အဓိပ္ပါယ်မဲ့လွန်းတဲ့ လုပ်ရပ်တွေကြောင့် ရလဒ်မကောင်းခဲ့တဲ့ လီဗာပူး

အတ္တလန္တာနဲ့ ရင်ဆိုင်ခဲ့တဲ့ ယူရိုပါလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့မှာ

ပထမအကျော့ ရလဒ်ကို ပြောင်းပြန်မလှန်နိုင်ခဲ့တဲ့ လီဗာပူးရဲ့ ဥရောပ ဆုဖလားအိပ်မက် ဇာတ်သိမ်းသွား ခဲ့ပါပြီ။

ပထမအကျော့က ၃-၀ ဂိုးနဲ့ ရှုံးထားတဲ့ ကြိုးကြာနီတွေဟာ အီတလီမြေကို သွားပြီး ကစားတဲ့ပွဲမှာ

တိုက်စစ်မှူး မိုဟာမက်ဆာလာရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ပဲ အနိုင်ရ ခဲ့တာကြောင့်

နှစ်ကျော့ပေါင်းရလဒ် ၃-၁ နဲ့ ရှုံးပြီး ဆီမီးဖိုင်နယ်တက်ခွင့် လွဲခဲ့ရတာပါ။

ဘာဂါမိုမှာ ကစားခဲ့တဲ့ ပြီးခဲ့တဲ့ညပွဲမှာ လီဗာပူးဟာ ဆာလာ၊ ဒိုင်ယက်ဇ်၊ ဂတ်ပို၊

ဇိုဘော့ လိုင်၊ မက်အလစ္စတာ၊ ဗန်ဒိုက်စတဲ့ ကစားသမားတွေနဲ့အတူ

အင်အားအပြည့် ပွဲထွက်ခဲ့ တာဖြစ်ပေမဲ့လည်း နည်းပြ ဂက်စ်ပါရီနီရဲ့ အသင်းကို

ဖိဖိစီးစီး မကစားနိုင်ဘဲ အားနည်း ချက်တွေ ရှိခဲ့တယ်။

ပွဲချိန် ၆ မိနစ်မှာ ညာခြမ်းကနေ အာနိုး ဖြတ်တင်တဲ့ ဘောလုံးဟာ

အတ္တလန္တာ နောက်ခံလူ ရူဂါရီရဲ့ လက်နဲ့ ထိသွားတဲ့အတွက်

ကွင်းလယ်ဒိုင်က ပင်နယ်တီ ပြစ်ဒဏ် သတ်မှတ်ပေးခဲ့တယ်။

ဒီပင်နယ်တီကို ဆာလာက ဂိုးအဖြစ်ပြောင်းလဲပြီး လီဗာပူး ကို ဦးဆောင်စေခဲ့တာပါ။

အဲဒီနောက် ဂိုးတွေ ထပ်ရဖို့အတွက် လီဗာပူး အားထည့်ကစား ပေမဲ့

ကွက်ပြည့် နေရာယူပြီး ကစားနေတဲ့ အတ္တလန္တာ အသင်းသားတွေကြောင့်

ထင်တိုင်း မပေါက်ခဲ့ရတာဖြစ်ပါတယ်။

ပထမပိုင်း ပြီးခါနီးမှာ လီဗာပူး တိုက်စစ်မှူးဆာလာ ဂိုးသမား နဲ့ တစ်ယောက်ချင်းတွေ့ပြီး

ဂိုးသမားအပေါ် ကျော်သွင်းဖို့ လုပ်ခဲ့ပေမဲ့လည်း ဂိုးဘေး ကပ် ထွက်သွားခဲ့လို့ နစ်နာခဲ့ရတယ်။

ဒုတိယပိုင်းအစမှာတော့ နည်းပြကလော့ပ်ရဲ့ အသင်းဟာ အဓိပ္ပါယ်ရှိရှိ မကစားနိုင်ခဲ့တာကြောင့်

အခွင့်အရေး ဖန်တီးနိုင်မှု အားနည်းပြီး ဘောလုံး ဟာ ဦးတည်ရာ မဲ့နေသလို

ဖြတ်တင်ဘောတွေပဲ အရမ်းများနေတာကြောင့် မထိရောက် ခဲ့ပါဘူး။

အဲဒီနောက် ပွဲချိန် ၆၆ မိနစ်ရောက်တဲ့အခါ ဆာလာရဲ့ နေရာမှာ ဒါဝင်နူနက်ဇ်ကို ထည့်ပြီး

ပြိုင်ဘက်ကို ဖိအားပေးဖို့ ကြိုးစားပေမဲ့လည်း နည်းပြကလော့ပ်ရဲ့အသင်းဟာ

အခွင့်အရေးဖန်တီးမှုနဲ့ နေရာလွတ် ဖန်တီးမှုအပိုင်းမှာ အားနည်းခဲ့တဲ့အတွက်

အခုလို ၁-၀ ဂိုးရလဒ်နဲ့ပဲ အနိုင်ရခဲ့တာဖြစ်ပါတယ်။

မန်ယူနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ ၂-၂ သရေကျပြီးကတည်းက

ရလဒ်ဆိုးတွေ ဆက်တိုက်ကြုံခဲ့ရတဲ့ လီဗာပူးဟာ အတ္တလန္တာကို အနိုင်ရပေမဲ့လည်း

ယူရိုပါလိဂ် ပြိုင်ပွဲကနေ ထွက်သွားခဲ့ရပြီဖြစ်ပါတယ်။

ဒီအတွက် ဂျာမန် သားရဲ့ လီဗာပူူးနည်းပြဘ၀ ၈ နှစ်ခွဲတာ ကာလရဲ့နောက်ဆုံးရာသီဟာ

ကာရာဘောင် ဖလား အောင်မြင်မှု တစ်လုံးတည်းနဲ့ပဲ အဆုံးသတ်ရဖို့ အကြောင်းဖန်လာပြီဖြစ်ပါတယ်။