တစ်ယောက်လျော့နဲ့ တစ်နာရီ နီးပါး ကစားခဲ့ရပေမဲ့ အနိုင်ရခဲ့တဲ့ ရိုးမား

ပွဲချိန် မိနစ် ၆၀ လောက်ကို တစ်ယောက်လျော့နဲ့ ကစားခဲ့ရပေမဲ့လည်း ရိုးမားဟာ

အေစီ မီလန်ကို နောက်ခံလူ မန်ချီနီ၊ တိုက်စစ်မှူး ဒီဘာလာတို့ရဲ့ သွင်းဂိုးတွေကြောင့်

အနိုင်ရပြီး ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အဆင့်ကို ရောက်သွားပါပြီ။

ရောမကလပ်ဟာ ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ ၁-၀ ဂိုးနဲ့ အနိုင်ရခဲ့သလို

အခု ဒုတိယအကျော့မှာလည်း ၂-၁ ဂိုးနဲ့ အနိုင်ရခဲ့တာကြောင့်

နှစ်ကျော့ပေါင်းရလဒ် ၃-၁ ဂိုးနဲ့ နောက်တစ်ဆင့် တက်သွားခဲ့တာပါ။

ပွဲပယ်ခံထားရတဲ့ ခရစ္စတန်တီ၊ အနားယူနေရတဲ့ အန်ဒီကီတို့လို

ကစားသမားတွေ မပါပေမဲ့လည်း

နည်းပြဒီရော့စီရဲ့အသင်းဟာ အိုလံပီကိုပွဲစဉ်မှာ အိမ်ရှင်ပီသခဲ့ပြီး

တကယ့်နိုင်လို စိတ် ထက်သန်မှုကို ထုတ်ပြနိုင်ခဲ့တယ်။

ဂိုးမပေးရရေးကို ဦးတည်ပြီး ကစားခဲ့တဲ့ ရိုးမား ဟာ

အခွင့်အရေး လောက်လောက်လားလား မရခဲ့ပေမဲ့လည်း

ပွဲချိန် ၁၂ မိနစ်အရောက် မှာ ပယ်လီဂရီနီ ကန်သွင်းတဲ့ ဘောလုံး

ဂိုးတိုင်ထိပြီး ပြန်ထွက်လာတာကို

မန်ချီနီက ပိတ် သွင်းခဲ့လို့ ဦးဆောင်ဂိုး ရသွားတယ်။

ဂိုးပေးလိုက်ရပြီးတဲ့နောက် မီလန်က ဆက်တိုက် ဖိ အားပေးလာပေမဲ့

နည်းပြပီယိုလီရဲ့ အသင်းသားတွေဟာ နေရာယူ မမှန်သလို

ဘောလုံး လမ်းကြောင်းရှာတဲ့နေရာမှာလည်း စနစ်မကျခဲ့လို့ အပိုင်ဂိုးသွင်းခွင့် မရခဲ့ပါဘူး။

ဒါကြောင့် ပွဲချိန် ၂၁ မိနစ်မှာတော့ ဒီဘာလာက သူ့ရဲ့ သွင်းနေကျ ပုံစံအတိုင်း

ဂိုးဧရိယာထဲကနေ ဘယ်ခြေနဲ့ ဝိုက်ကန်နိုင်ခဲ့လို့ ရိုးမားတို့ ဒုတိယဦးဆောင်ဂိုး ရသွားတယ်။

အဲဒီနောက် ၁၀ မိနစ်အကြာမှာတော့ မီလန်တိုက်စစ်မှူး လီယာအိုကို လျှောထိုးဖျက်ထုတ်တာ ကြမ်းခဲ့တဲ့

ရိုးမားနောက်ခံလူ ချီလစ်ကို ကွင်းလယ်ဒိုင်က တိုက်ရိုက်အနီကတ်ပြပြီး ထုတ်ပစ်လိုက်ပါတယ်။

ကစားသမားတစ်ယောက် အသာရသွားတဲ့ ဧည့်သည်အသင်းဟာ ရိုးမားဘက်ကို

တောက်လျှောက်ဖိကစားပြီး လော့ဖ်တပ်ချိခ်၊ ပူလီဆစ်တို့ရဲ့ အခွင့်အရေးတွေနဲ့ ဆက် တိုက်ဆိုသလိုကို ခြိမ်းခြောက်ခဲ့တာပါ။

ဒုတိယပိုင်းမှာလည်း မီလန်ဟာ ရိုးမားရဲ့ လူကျွံ ထောင်ချောက်တွေကို အဆင့်ရှိရှိနဲ့ ဖောက်ထွက်ပြခဲ့ပြီး

လီယာအိုရဲ့ ဘယ်တောင်ပံ တိုက်စစ်အခြမ်းကနေ တရစပ် ဖိအားပေးခဲ့တာပါ။

ဒါကြောင့် ပွဲချိန် ၈၅ မိနစ်မှာတော့ မီလန် ချေပဂိုးရသွားပြီး

လီယာအို ဖြတ်တင်ပေးတဲ့ ဘောလုံးကို ဂက်ဘီယာ ခေါင်းတိုက် သွင်းယူခဲ့တာပါ။

အဲဒီနောက် ရိုးမားတိုက်စစ်မှူး အယ်ရှာရာဝီရဲ့ ဖနောင့်ကို တက်နင်းလို့ ဆိုပြီး

အေစီမီလန်ကွင်းလယ်လူ သီယာဂို ဟာနန်ဒက်ဇ်ကို ဒိုင်လူကြီးက အနီကတ် ပြခဲ့ ပေမဲ့လည်း

VAR ကြည့်ပြီးတဲ့နောက် အဝါကတ် ပြန်ပြောင်းပြီး ပြခဲ့တာရှိပါတယ်။

ပွဲချိန် နှောင်းပိုင်းမှာတော့ ဘယ်သူမှ အခွင့်အရေး မရတော့တဲ့အတွက် ၂-၁ ဂိုးရလဒ်နဲ့ပဲ ပွဲပြီး သွားခဲ့တာပါ။