မန်စီးတီး လူငယ်အကယ်ဒမီ ကနေ ထွက်လာတဲ့ ကိုးလ်ပါမာက ဒီည အသင်းဟောင်းကို နောင်တရသွားစေမယ့် ခြေစွမ်းမျိုးတွေ ပြသလာမှာလား…

ဒီည (၁၀း၄၅)မှာ အက်ဖ်အေဖလား ဆီမီးဖိုင်နယ်ပွဲ အဖြစ် မန်စီးတီးနဲ့ ချဲလ်ဆီးတို့ဟာ

ဝင်ဘာလေကွင်းမှာ ကစားသွားရမှာဖြစ်ပြီး ချဲလ်ဆီးအသင်းရဲ့တောင်ပံတိုက်စစ်မှူး

ကိုးလ် ပါလ်မာဟာလည်း သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ စီးတီးကို ပြန်လည် ရင်ဆိုင်ရဖို့ဖြစ်လာပါတယ်။

ဒီရာသီမှာ ချဲလ်ဆီးအတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားထားရာမှာ သွင်းဂိုး ၂၃ဂိုး၊

ဂိုးဖန်တီးမှု ၁၃ကြိမ် ရရှိထားသလို သူ့ရဲ့ အကောင်းဆုံးပုံစံကိုလည်းရရှိနေပြီး

ပရီးမီးယားလိဂ်ရဲ့ သွင်းဂိုးအများဆုံး ကစားသမားစာရင်းမှာလည်း

အသင်းဖော်ဟောင်း ဟာလန်းနဲ့အတူ ဦးဆောင်ထားနေတဲ့ ပါလ်မာက

မန်စီးတီးအနေနဲ့ သူ့ကို စွန့်လွှတ်ခဲ့တဲ့ အတွက် နောင်တရသွားစေမယ့်

ခြေစွမ်းမျိုးတွေ ပြသနိုင်မလား ဆိုတာက စိတ်ဝင်စားစရာပါပဲ။

မန်စီးတီးကနေ ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ဈေးကွက်နောက်ဆုံးနေ့မှာ

ချဲလ်ဆီးထံကို ပေါင် ၄၂.၅ သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အသက် ၂၁ နှစ်အရွယ် ကိုးလ် ပါလ်မာနဲ့ပတ်သက်ပြီး

မီဒီယာတွေရဲ့မေးမြန်းမှုမှာ နည်းပြပက်ဂွါဒီယိုလာကလည်း ကိုးလ်ပါမာဟာ

လွန်ခဲ့တဲ့ (၂)နှစ်ကတည်းက အသင်းကနေ ပြောင်းရွှေ့ချင်လို့

ထွက်ခွင့်တောင်းခဲ့သူဖြစ်ကြောင့်လည်း ပြောလာခဲ့ပါတယ်။

ဂွါဒီယိုလာက “ရာသီကြိုတုန်းက ရီယက်(မရာ့ဇ်) ထွက်ခွာသွားတော့ သူ့ကို ဆက်နေဖို့ ပြောပါတယ်။

ဒါပေမဲ့ သူက ထွက်ခွာချင်တယ်ချည်း ပြောနေခဲ့တာဗျ။

၂ ရာသီကြာတောင် သူတောင်းဆိုလာတာဆိုတော့ ကျွန်တော်လည်း

အသင်းမှာဆက်ရှိနေဖို့ ဘယ်လိုဆက်ပြောရတော့မလဲဗျာ။

အခု ချဲလ်ဆီးမှာ သူ ကစားခွင့်ရသလိုမျိုး မန်စီးတီးမှာ ပွဲကစားခွင့်မရခဲ့ဘူးဆိုတာကလည်း

ကျွန်တော် သူ့ကိုအကြိမ်ပေါင်းများစွာ ပြောခဲ့ပြီးပါပြီ။

လက်ရှိ သူလည်း ကောင်းကောင်း ကစားနေတယ်။

ပြိုင်ဘက်အသင်းတွေရဲ့ ဂိုးပေါက်တွေကိုလည်း ခြိမ်းခြောက်နိုင်တဲ့သူတစ်ယောက်

ဖြစ်နေတာတွေအတွက်လည်း ကျွန်တော် ဝမ်းသာပါတယ်။ “ဆိုပြီး

တပည့်ဟောင်းနဲ့ ပတ်သက်လို့ ပြောကြားသွားပါတယ်။

ကိုးလ် ပါလ်မာ ဟာ မန်စီးတီးမှာရှိနေခဲ့ချိန်က ပရီးမီးယားလိဂ်ပွဲ (၃) ပွဲတည်းသာ ပွဲထွက်ခွင့်ရခဲ့တာကြောင့်လည်း

ချဲလ်ဆီးနည်းပြ ပိုချက်တီနိုက ပါလ်မာကို စခေါ်ချိန်တုန်းက အချိန်တိုအတွင်းမှာ

ခြေစွမ်းကောင်းတွေ ပြသပြီး အသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်လာမယ့်

သူတစ်ယောက်လို့ မထင်ထားခဲ့ကြောင်း မီဒီယာတွေရဲ့ မေးမြန်းမှုကို ရိုးရိုးသားသား ဝန်ခံခဲ့ပါတယ်။

“ကိုးလ် ပါလ်မာရဲ့အခုအချိန်စွမ်းဆောင်ပြနေတဲ့ပုံစံက ကျွန်တော်တို့သူ့အပေါ်မှာ

မျှော်မှန်းထားခဲ့တာတွေထက် အများကြီး ပိုမြင့်တဲ့ စွမ်းဆောင်ရည်တွေဖြစ်နေတာပါ။

ဒါက ကျွန်တော် အရိုးသားဆုံး ဝန်ခံချက်ပါပဲ။ လေ့ကျင့်ရေးအစီအစဉ်တွေမှာ သူ့ရဲ့ကြိုးစားမှုတွေနဲ့ အရမ်းကောင်းပြီး

တည်ငြိမ်တဲ့ခြေစွမ်းတွေက ကျွန်တော်တို့အတွက် ထူးရှယ်အခွင့်အရေးရလိုက်တာပါပဲ”လို့ ပိုချက်တီနိုက ပြောသွားခဲ့ပါတယ်။