Ballon d’Or မဲရလဒ်တွေ ထုတ်ပြန်တော့ ဟာလန်းထက် ၁၀၅ မှတ်တောင်သာခဲ့တဲ့ မက်ဆီ

ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ ၂၀၂၃ Ballon d’Or ဆုအတွက် မဲပေးမှုရလဒ်တွေကို ထုတ်ပြန်လိုက်ပါတယ်။

အဲဒီမှာ စံချိန်ထပ်တင် ၈ ကြိမ်မြောက်အဖြစ် ရရှိသွားခဲ့တဲ့မက်ဆီက စုစုပေါင်း ၄၆၂ မှတ်ရခဲ့တာပါ။

ဒုတိယနေရာက မန်စီးတီးဂိုးသွင်းစက်ဟာလန်းကတော့ ၃၅၇ မှတ်ရခဲ့ပါတယ်။

အဲဒီတော့ မက်ဆီဟာ ဟာလန်းထက် ၁၀၅ မှတ်အသာနဲ့တောင် Ballon d’Or ဆုရသွားခဲ့တာပါ။

သူတို့နောက်မှာ ပီအက်စ်ဂျီကြယ်ပွင့်အမ်ဘက်ပီက အမှတ် ၂၇၀ နဲ့ တတိယချိတ်ခဲ့ပါတယ်။

မန်စီးတီးကွင်းလယ်ကြယ်ပွင့်ဒီဘရိုင်းကတော့ အမှတ် ၁၀၀ နဲ့ စတုတ္ထရခဲ့တာပါ။

နောက်ထပ်မန်စီးတီးကွင်းလယ်ကပဲဖြစ်တဲ့ ရိုဒရီကလည်း ၅၇ မှတ်နဲ့ ထိပ်ဆုံး ၅ ဦးစာရင်းဝင်ခဲ့ပါတယ်။

ထိပ်ဆုံး ၁၀ ဦးထဲက ကျန် ၅ နေရာမှာ ဗီနီစီးယက်စ်က ၄၉ မှတ်နဲ့ အဆင့် ၆ ၊ အယ်ဗာရက်ဇ်က ၂၈ မှတ်နဲ့ အဆင့် ၇၊

အိုဆင်ဟမ်က ၂၄ မှတ်နဲ့ အဆင့် ၈၊ ဘာနာဒိုဆေးလ်ဗားက ၂၀ မှတ်နဲ့ အဆင့် ၉၊ မိုဒရစ်က ၁၉ မှတ်နဲ့ အဆင့် ၁၀ ရခဲ့တာပါ။

မက်ဆီကတော့ Ballon d’Or သမိုင်းမှာ အမှတ် ၄၀၀၀ ပြည့်ခဲ့တဲ့ပထမဆုံးကစားသမားဖြစ်လာပါတယ်။

Ballon d’Or ဆုအတွက် နိုင်ငံပေါင်း ၁၀၀ က ဂျာနယ်လစ်တွေက မဲပေးရွေးချယ်မှု ပြုလုပ်ခဲ့ကြတာပါ။