သရဲနီကစားသမားဟောင်းရဲ့ ပယ်နယ်တီလွဲချော်မှုကြောင့် ဝေးလ်စ်တို့ ယူရိုပြိုင်ပွဲဆင်နွှဲခွင့် မျှော်လင့်ချက် အဆုံးသတ်ခဲ့ရ

ယူရို-၂၀၂၄ ခြေစစ်ပွဲ Play off ဗိုလ်လုပွဲဖြစ်တဲ့ ဝေးလ်စ်နဲ့ပိုလန်တို့ရဲ့ပွဲမှာ ပိုလန်အသင်းက

ပယ်နယ်တီအဆုံးအဖြတ် ၅-၄ ဂိုးနဲ့အနိုင်ယူပြီး ယူရိုခြေစစ်ပွဲအောင်မြင်သွားပြီဖြစ်ပါတယ်။

အခု ဗိုလ်လုပွဲကို ဝေးလ်စ်နိုင်ငံ၊ ကာဒစ်ဖ်မြို့မှာရှိတဲ့ Cardiff City Stadium မှာ

ကစားခွင့်ရခဲ့တာကြောင့် ဝေးလ်စ်အသင်းဟာ အိမ်ကွင်း အားသာချက်ရခဲ့သလို

ဂိုးပေါက်ကန်ချက်အသာနဲ့ ဖိအားပေးနိုင်ပေမဲ့ ယူရိုပြိုင်ပွဲသွားခွင့် လက်မှတ်တော့ မယူနိုင်ခဲ့ပါဘူး။

ဝေးလ်စ်အသင်းဟာ ပွဲချိန်အတွင်း ဂိုးကန်ပေါက်ချက် ၁၂ ကြိမ်၊ ဂိုးပေါက်တည့်မှု ၄ ကြိမ်ရှိခဲ့ပြီး

ပိုလန်အသင်းကတော့ ဂိုးပေါက်ကန်ချက် ၁၁ ကြိမ်ပြုလုပ်ခဲ့ပေမဲ့

အံ့အားသင့်စရာကောင်းအောင် ဂိုးပေါက်တည့်မှု တစ်ကြိမ်မှ မရှိခဲ့ပါဘူး။

မိနစ် ၁၂၀ ပြည့်တဲ့အထိ ဂိုးမရှိသရေကျနေတာကြောင့် ပယ်နယ်တီအဆုံးအဖြတ်ခံယူခဲ့ရပြီး

ပယ်နယ်တီအဆုံးအဖြတ်မှာ ဝေးလ်စ်အသင်းအတွက် တရားခံဖြစ်ခဲ့ရတာက

မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း ဒန်နီယဲလ်ဂျိမ်းစ်ပါပဲ။

ပယ်နယ်တီအဆုံးအဖြတ်မှာ ပိုလန်အသင်းက လီဝန်ဒေါစကီးအပါအဝင် ၅ ဦးစလုံး

ဂိုးဝင်အောင် သွင်းခဲ့ကြပေမဲ့ ဝေးလ်စ်အသင်းရဲ့ နောက်ဆုံးအဆုံးအဖြတ် ပဉ္စမမြောက် ပယ်နယ်တီမှာ

ဒန်နီယဲလ်ဂျိမ်းစ် ကန်ချက်ကို ပိုလန်နာမည်ကျော်ဂိုးသမား ဆဇက်စနီ လက်စွမ်းပြကာကွယ်နိုင်ခဲ့လို့

ဝေးလ်စ်အသင်း ၂၀၁၂ နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယူရိုပြိုင်ပွဲကစားခွင့်နဲ့ လွဲချော်ခဲ့ပါတယ်။

ပိုလန်အသင်းဟာ ၁၉၇၃ မတ်လနောက်ပိုင်း ဝေးလ်စ်အသင်းကို တစ်ခါမှ မရှုံးတော့ဘဲ

နောက်ဆုံး ၁၀ ပွဲမှာ ပယ်နယ်တီအဆုံးအဖြတ်နဲ့အနိုင်ရတာအပါအဝင် ၈ ပွဲနိုင်၊ ၂ ပွဲသရေကျခဲ့ပါတယ်။

အခု ရှုံးပွဲကြောင့် ဝေးလ်စ်အသင်းရဲ့ ပြိုင်ပွဲစုံ ၇ ပွဲဆက်တိုက် ရှုံးပွဲမရှိ မှတ်တမ်းကောင်း ရပ်တန့်သွားသလို

ကာဒစ်ဖ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲ ၂၀ မြောက်မှာ ၃ ပွဲမြောက်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

ခြေစစ်ပွဲအောင်မြင်ခဲ့တဲ့ ပိုလန်အသင်းကတော့ ယူရို-၂၀၂၄ အုပ်စု D မှာ

နယ်သာလန်၊ ပြင်သစ်၊ သြစတြီးယားတို့နဲ့ ရင်ဆိုင်ရတော့မှာပါ။