LASK ကို ဂိုးပြတ်အနိုင်ယူခဲ့သလို ဒီရာသီ အန်ဖီးလ်မှာ ကစားခဲ့တဲ့ ပွဲတိုင်း လီဗာပူးနိုင်ပွဲရ

လီဗာပူးဟာ ကြာသပတေးညက အန်ဖီးလ်မှာ လက်စ်လင့်ဇ် (LASK)ကို သက်သောင့်သက်သာနဲ့ပဲ ၄ ဂိုးပြတ်သွင်းခဲ့ပြီး

ရမှတ် (၁၂) မှတ်ရရှိခဲ့တာကြောင့် အုပ်စုနောက်ဆုံးပွဲမတိုင်ခင်မှာပဲ

ယူရိုပါလိဂ် အုပ်စု(E) ရဲ့ အုပ်စုဗိုလ်အဖြစ်နဲ့ ၁၆ သင်း ရှုံးထွက်အဆင့်ကို တက်ရောက်သွားခဲ့ပါတယ်။

သြစတြီးယားကလပ်နဲ့ပွဲမှာ လီဗာပူးရခဲ့တဲ့ ၄ ဂိုးစလုံးကို တိုက်စစ်ကစားသမား ၃ ယောက်စလုံးကပဲ သွင်းခဲ့တာဖြစ်ပြီး

ပထမပိုင်းမှာ လူးဝစ်ဒိုင်ယက်ဇ်၊ ဂတ်ပိုတို့ရဲ့ ဂိုးနဲ့ပွဲကို (၂)ဂိုးပြတ် ဦးဆောင်ခဲ့ပါတယ်။

ဒုတိယပိုင်းမှာလည်း မိုဟာမက်ဆာလက်က ပင်နယ်တီကနေ တတိယဂိုးသွင်းခဲ့ပြီး

ပွဲပြီးခါနီး ၉၂ မိနစ်မှာ ဂတ်ပိုက စတုတ္ထဂိုးသွင်းယူခဲ့တာကြောင့် ၄-၀ ဂိုးဖြင့် အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။

အဲဒီပွဲက ဂိုးတွေကြောင့်လည်း ဒီရာသီ ပြိုင်ပွဲအရပ်ရပ်က

လီဗာပူးတိုက်စစ်ကစားသမားတွေရဲ့ဂိုးပါဝင်ပတ်သက်မှုဟာ မယုံနိုင်ဖွယ်အဖြစ် ၅၃ ကြိမ်တောင် ရှိသွားတာပါ။

အဲဒီထဲမှာ ၁၃ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးထားတဲ့ မိုဆာလာက အများဆုံးဖြစ်နေပြီး

၇ ဂိုးသွင်း၊ ၆ ဂိုးဖန်တီးထားတဲ့ ဒါဝင်နူနက်ဇ်ကတော့ ဒုတိယလိုက်နေပါတယ်။

အုပ်စု(E) မှာ လီဗာပူးရဲ့ အနီးဆုံး ပြိုင်ဘက်ဖြစ်တဲ့ ပြင်သစ်ကလပ် တူးလော့စ်အသင်းကတော့

Union St-Gilloise ကို အနိုင်မရရှိခဲ့ဘဲ ဂိုးမရှိသရေသာ ကစားနိုင်ခဲ့ပါတယ်။

ဒါ့ကြောင့် တူးလော့စ်အသင်းဟာ ရမှတ် (၈) မှတ်သာရရှိသွားခဲ့တဲ့အတွက်

အုပ်စုဗိုလ်နေရာမှာ ဦးဆောင်နေတဲ့ လီဗာပူးနဲ့ (၄)မှတ်ကွာဟသွားခဲ့ပြီး

နောက်ဆုံးပွဲမတိုင်ခင်မှာတင် အုပ်စု(E)ရဲ့ အုပ်စုဗိုလ်နေရာအတွက် အဖြေပေါ်သွားခဲ့တာလည်းဖြစ်ပါတယ်။

ဒါ့ကြောင့် လီဗာပူးဟာ ယူရိုပါလိဂ် ၁၆ သင်း ရှုံးထွက်အဆင့်ကို တိုက်ရိုက်တက်ရောက်နိုင်ခဲ့တာ ဖြစ်ပြီး

ဖေဖော်ဝါရီလမှာ ချန်ပီယံလိဂ်ကနေဆင်းလာမယ့်အသင်းတွေနဲ့ ပလေးအော့ဖ် ကစားရတော့မှာ မဟုတ်ပါဘူး။

ကလော့ပ်ရဲ့အသင်းဟာ ဒီရာသီ အန်ဖီးလ်မှာ ကစားရတဲ့ ပြိုင်ပွဲအရပ်ရပ် ၁၀ ပွဲစလုံးကိုလည်း အနိုင်ရထားပါတယ်။