
ဘာစီလိုနာနဲ့ စပိန်လူငယ်ကြယ်ပွင့်တိုက်စစ်ကစားသမား လာမိုင်းယာမဲလ်ဟာ
အခုနှစ် Golden Boy ဆုနဲ့ လွဲချော်ခဲ့ပေမဲ့ ‘The Youngest’ ဆုကို ရရှိတဲ့
ပထမဆုံးကစားသမားအဖြစ် စံချိန်ရေးထိုးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၁၊
၂၀၂၂ ဆက်တိုက် Golden Boy ဆုကို ဘာစီလိုနာလူငယ်ကစားသမားတွေ
ဖြစ်ကြတဲ့ ပတ်ဒရီ၊ ဂါဗီတို့ သိမ်းပိုက်နိုင်ပေမဲ့ ဒီနှစ်မှာတော့ ရီးယဲလ်အသင်းရဲ့
အင်္ဂလန်လူငယ်ကြယ်ပွင့် ဘယ်လင်ဂမ်က Golden Boy ဆု ရယူပြီး
ဘာစီလိုနာကစားသမားတွေ လွှမ်းမိုးနေမှုကို အဆုံးသတ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့ Golden Boy ဆုပေးပွဲမှာ ဘာစီလိုနာအသင်းဟာ ဆုလက်မဲ့
မဖြစ်ခဲ့ဘဲ ယာမဲလ်က ‘The Youngest’ ဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အီတလီနာမည်ကျော်သတင်းစာ Tuttosport က ‘The Youngest’ ဆုကို
အခုနှစ်မှ စတင်ချီးမြှင့်တာဖြစ်ပြီး Golden Boy ဆုအတွက် ဆန်ခါတင်
စာရင်းမှာ ရွေးချယ်ခံရတဲ့ အသက်အငယ်ဆုံးကစားသမားကို ချီးမြှင့်တာဖြစ်ပါတယ်။
အသက် ၁၆ နှစ်သာရှိသေးတဲ့ ယာမဲလ်ဟာ ဘာစီလိုနာ၊ စပိန်အသင်းတို့အတွက်
ခြေစွမ်းပြပြီး စံချိန်သစ်တွေ တစ်ခုပြီးတစ်ခု ပိုင်ဆိုင်ခဲ့တာကြောင့်
၂၀၂၃ Golden Boy ဆု နောက်ဆုံးဆန်ခါတင်စာရင်းမှာ ပါဝင်ခဲ့တဲ့အတွက်
အခုလို ဂုဏ်ယူစရာ ဆုတစ်ခုရရှိခဲ့တာပါ။ ပြီးခဲ့တဲ့ ဧပြီလအတွင်းက
ယာမဲလ်ဟာ အသက် ၁၅ နှစ်၊ ၉ လ၊ ၁၆ ရက်နဲ့ ဘာစီလိုနာအသင်း
သမိုင်းတစ်လျှောက် ပွဲဦးထွက်ခွင့်ရတဲ့ အသက်အငယ်ဆုံးကစားသမားအဖြစ်
စံချိန်တင်နိုင်ခဲ့ပြီး ၄ လအကြာမှာပဲ အသက် ၁၆ နှစ်၊ ၈၃ ရက်နဲ့
ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အသက်အငယ်ဆုံးကစားသမားစံချိန် ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါ့အပြင် ယာမဲလ်ဟာ စပိန်အသင်းသမိုင်းမှာ အသက်အငယ်ဆုံးကစားသမား၊
အသက်အငယ်ဆုံးဂိုးသွင်းသူ၊ ဝေးလ်စ်နာမည်ကျော်ကစားသမားဟောင်း
ဂါရတ်ဘေးလ်ကို ကျော်ဖြတ်ပြီးတော့ ယူရိုခြေစစ်ပွဲမှာ အသက်အငယ်ဆုံး
ဂိုးသွင်းသူစတဲ့ စံချိန်ကောင်းတွေကိုလည်း ရေးထိုးနိုင်ခဲ့ပါတယ်။
ယာမဲလ်ရဲ့အသက်အရွယ်အရ လက်ရှိခြေစွမ်းကောင်းကို ဆက်ထိန်းနိုင်မယ်ဆိုရင်
လာမဲ့ ၄ နှစ်အတွင်း Golden Boy ဆု ဆန်ခါတင်စာရင်းထဲမှာ ဆက်တိုက်
ရွေးချယ်ခံရဖို့ရှိသလို Golden Boy ဆု ရယူနိုင်ဖို့လည်း မျှော်လင့်ချက်ရှိနေပါပြီ။
၂၀၂၃ ‘The Youngest’ ဆုကို ယာမဲလ် ဆွတ်ခူးခဲ့သလို Golden Player Woman ဆုကို
ဘာစီလိုနာအမျိုးသမီးအသင်းနာမည်ကျော်ကစားသမား ဘွန်မာတီက ရရှိခဲ့ပြီး
ဘွန်မာတီဟာ ပြီးခဲ့တဲ့ Ballon d’Or ဆုပေးပွဲမှာလည်း Ballon d’Or Féminin ဆုကို ပိုင်ဆိုင်ခဲ့ပါတယ်။