ယူနိုက်တက်နဲ့ပွဲမှာ ပြန်လည်ပါဝင်လာတော့မယ့် လီဗာပူးကစားသမား ၃ ဦး

လီဗာပူးအသင်းနည်းကလော့ပ်က လာမယ့်တနင်္ဂနွေနေ့မှာ ကစားမယ့် ယူနိုက်တက်နဲ့ပွဲမှာ ဖာဘင်ဟို ၊ လိုဗရန် နဲ့ မာတစ်တို့ ပြန်လည်ပါဝင်လာမယ်လို့ ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လီဗာပူးအသင်းဟာ ဒီရာသီ ၂၁ ပွဲမှာ ပွဲ ၂၀ အထိ အနိုင်ရရှိထားပြီး နှစ်ပေါင်း ၃၀ ကြာဝေးကွာနေတဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုနဲ့ နီးစပ်နေတာ ဖြစ်ပါတယ်။


အောက်တိုဘာလ ၂၀ ရက်နေ့ကစားခဲ့တဲ့ ယူနိုက်တက်ကွင်းမှာတော့ သရေကျထားခဲ့ပြီး လီဗာပူးအသင်းဆီကနေ ယူနိုက်တက်က သရေတစ်မှတ်ယူထားနိုင်ခဲ့ကာ လာမယ့်တနင်္ဂနွေနေ့မှာတော့ အန်ဖီးလ်မှာ ဆက်လက်ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ လီဗာပူးအသင်းဟာ ကွင်းလယ်ကစားသမား ဖာဘင်ဟိုမပါပဲ ၆ ပတ်လောက်အထိ ကစားခဲ့ရသလို မာတစ် နဲ့ လိုဗရန်ကလည်း ဒီဇင်ဘာ ၁၀ ရက်နေ့ လိုက်ပ်ဇစ်နဲ့ပွဲပြီးကတည်းက နားနေခဲ့ရတာ ဖြစ်ပါတယ်။ဒါပေမဲ့ လက်ရှိအချိန်မှာတော့ ကလော့ပ်က အဆိုပါကစားသမား ၃ ဦးဟာ လာမယ့်တနင်္ဂနွေနေ့အတွက် အသင့်ဖြစ်နေလောက်တယ်လို့ ဆိုလိုက်ပါတယ်။ “ကျွန်တော်သူတို့ ကွင်းထဲမှာ ပြန်ကစားနိုင်ဖို့ စောင့်နေတာ ကြာပါပြီ။ အခုဆို လေ့ကျင့်ခန်းအပြည့်ပြန်ဆင်းနေပါပြီ”လို့ ကလော့ပ်က ပြောပါတယ်။


“ဂျိုးကလည်း ကျွန်တော်တို့အတွက် မရှိမဖြစ်ပါ။ သူတို့ ၃ ယောက်ပြန်လာတာက ကျွန်တော်တို့အတွက် သတင်းကောင်းပါ။ အခုအပတ်က အရေးကြီးပါတယ်။ အမှားခံလို့ မရပါဘူး။ ယူနိုက်တက်က ပထမအကျော့တုန်းက ကျွန်တော်တို့ဆီက သရေတစ်မှတ်ယူထားတဲ့ အသင်းပါ”လို့ ကလော့ပ်က ဆိုပါတယ်။ လီဗာပူးဟာ ပြီးခဲ့တဲ့ပွဲတုန်းက စပါးအသင်းကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိခဲ့ပြီးနောက် ချန်ပီယံဆုအတွက် ပိုမိုနီးစပ်လာခဲ့ပါတယ်။
နည်းပြ ကလော့ပ်ကတော့ စပါးအသင်းနဲ့ပွဲက အသင်းသားတွေရဲ့စွမ်းဆောင်ရည်ကို ကျေနပ်အားရခဲ့ပေမယ့် တိုးတက်ဖို့တော့ လိုအပ်နေသေးတယ်လို့ ဆိုပါတယ်။ “ကျွန်တော်ရလဒ်အတွက် ပျော်ပေမယ့် စွမ်းဆောင်ရည်ပိုင်းအတွက်တော့ မပျော်ပါဘူး။ တိုးတက်ဖို့ လိုအပ်နေပါသေးတယ်”လို့ ကလော့ပ်က ပြောကြားခဲ့ပါတယ်။