အက်ရှ်လေယန်းကို စာချုပ်သစ်ကမ်းလှမ်းခဲ့တဲ့ ယူနိုက်တက်ကို အမာခံပရိသတ်တွေ အကြီးအကျယ် ပေါက်ကွဲနေ

ယူနိုက်တက်အသင်းဟာ အသင်းခေါင်းဆောင် အက်ရှ်လေယန်းကို စာချုပ်သစ်၁နှစ် သက်တမ်းတိုးဖို့ ကမ်းလှမ်းလိုက်တဲ့အပေါ် ပရိသတ်တွေ ပေါက်ကွဲနေကြတယ်လို့ သိရပါတယ်။ ယန်းဟာ အသင်းနဲ့ စာချုပ်သက်တမ်း ၆လသာ ကျန်တော့ပြီး အင်တာမီလန်အသင်းရဲံ့ စိတ်ဝင်စားခြင်းကို ခံနေရပါတယ်။

ဒါပေမဲ့ နည်းပြ ဆိုးလ်ရှားကတော့ အင်္ဂလန်သားကို ဆက်ထိန်းဖို့ ဆုံးဖြတ်ထားပြီး စာချုပ်သစ် ကမ်းလှမ်းခဲ့တာကြောင့် များပြားလှတဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။

လူမှုကွန်ရက်မှာ ပရိသတ်တစ်ဦးက “ယူနိုက်တက် ပရိသတ်တွေ နာကျင်မှုတွေကနေ ထွက်ပြေးလေလေ ပိုင်ရှင်တွေက ပိုနာကျင်ရအောင် လုပ်လေပါပဲ”လို့ ရေးသားခဲ့ပါတယ်။

နောက်၁ဦးက “အနာဂတ်အတွက် တည်ဆောက်နေတယ် ပြောပြီးတော့ အိုကြီးအိုမတွေကို စာချုပ်ချုပ်နေတယ်။ ဒီကလပ်ကို အားပေးတာ ရပ်သင့်နေပြီ”လို့ ရေးသားခဲ့ပါတယ်။

နောက်၁ဦးက “ဒါပဲလေ။ ငါတို့တော့ သွားပါပြီ”လို့ ဆိုပါတယ်။

အင်္ဂလန်သားဟာ ယခုလအတွင်းမှာ ပြည်ပကလပ်တွေနဲ့ ဆွေးနွေးခွင့်ရနေပြီ ဖြစ်ပေမဲ့ ယူနိုက်တက်က ဆက်ထိန်းဖို့ ကြိုးစားနေခဲ့တာ ဖြစ်ပါတယ်။

ယခုနှစ်ရာသီမှာသာ ချန်ပီယံံလိဂ် မဝင်ခဲ့ရင်တော့ ယူနိုက်တက် တာဝန်ရှိသူတွေအနေနဲ့ ပရိသတ်တွေရဲ့ ပေါက်ကွဲမှုကို အကြီးအကျယ် ရင်ဆိုင်ရဖွယ်ရှိနေပါတယ်။