ဝုဗ်နဲ့ပွဲစဉ်မှာရခဲ့တဲ့ မက်ဂွီရီရဲ့ ဒဏ်ရာပြဿနာက ပွဲကျပ်ကာလရင်ဆိုင်ရမယ့် ယူနိုက်တက်အတွက် စိုးရိမ်စရာ ဖြစ်လာ


ယူနိုက်တက်နည်းပြ ဆိုးလ်ရှားအတွက်တော့ နောက်ခံလူ မက်ဂွီရီရဲ့ ဒဏ်ရာပြဿနာအသစ်က မကြာခင်မှာ လာတော့မယ့် ပွဲကျပ်ပွဲစဉ်တွေအတွက် စိုးရိမ်စရာ ဖြစ်လာခဲ့ပါတယ်။

ယူနိုက်တက်ဟာ ဇန်နဝါရီမှာ မန်စီးတီးနဲ့ ကာရာဘောင်ဖလားပွဲစဉ် ၂ပွဲအပါအဝင် ၈ပွဲအထိ ကစားရဖို့ ရှိနေပါတယ်။ ဆိုးလ်ရှားအတွက် ပြဿနာ၁ခုအနေနဲ့ မက်ဂွီရီဟာ ဝုဗ်နဲ့ပွဲစဉ် ပထမပိုင်းမှာ အသေးစားဒဏ်ရာရသွားခဲ့တာ ဖြစ်ပါတယ်။

ပွဲအပြီးမှာ အင်္ဂလန်သားတစ်ယောက် အသင်းရဲ့ ဘက်စ်ကားပေါ်ကို ထော့နဲ့ထော့နဲ့ဖြင့် တက်သွားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

အခြားနောက်ခံလူတွေဖြစ်တဲ့ တွမ်ဇီဘီ၊ ရိုဟို၊ ဘိုင်လီနဲ့ မော်ဆူ မန်ဆာတို့ဟာလည်း ဒဏ်ရာက ပြန်သက်သာလာတယ်ဆိုပေမဲ့ ပြန်ကစားဖို့ အသင့်မဖြစ်သေးဘူးလို့ ဆိုးလ်ရှားက ပြောထားခဲ့ပါတယ်။ ဒါကြောင့် မက်ဂွီရီမရှိချိန်မှာတော့ ဆိုးလ်ရှားတစ်ယောက် ဖီးလ်ဂျုံးနဲ့ လင်ဒီလော့ဖ်တို့ကို ပွဲထုတ်သွားဖို့ ရှိနေပါတယ်။

မာရှယ်နဲ့ လင်ဂတ်တို့ဟာလည်း အဖျားဝေဒနာကြောင့် ဝုဗ်နဲ့ပွဲစဉ်ကို လွဲချော်ခဲ့ပြီး လာမယ့်ပွဲစဉ်မှာလည်း ပါဝင်ဖို့ မသေချာသေးဘူးလို့ သိရပါတယ်။