သူ့ရဲ့အိမ်ကွင်းနှုတ်ဆက်ပွဲမှာ ဒေါ့မန်ပရိသတ်တိုင်းကို ဘီယာအလကားတိုက်ခဲ့တဲ့ မာကိုရူးစ်

မာကိုရူူးစ်ဟာ ဘွန်ဒက်စ်လီဂါရာသီသိမ်းပွဲမှာ ဒေါ့မန်ပရိသတ်တွေကို ဘီယာစတုဒီသာနဲ့ နောက်ဆုံးနှုတ်ဆက်သွားခဲ့ပါတယ်။ ၃၄ နှစ်အရွယ် ကစားသမားဟာ အခုရာသီအကုန်မှာ ၁၂ နှစ်ကြာကစားခဲ့တဲ့ ဒေါ့မန်က
ထွက်မယ်လို့ ကြေညာထားတာပါ။ အဲဒါကြောင့် ပြီးခဲ့တဲ့စနေညက ဒမ်စတက်ကို ၄ ဂိုးပြတ်နဲ့အနိုင်ရခဲ့တဲ့ ရာသီသိမ်းပွဲဟာ မာကိုရူးစ်အတွက် ဒေါ့မန်ကစားသမားဘ၀ နောက်ဆုံးအိမ်ကွင်းနှုတ်ဆက်ပွဲဖြစ်ခဲ့ပါတယ်။

အဲဒီပွဲမှာပဲ မာကိုရူးစ်ဟာ ၁ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးကာ အသင်းပရိသတ်တွေကို အကောင်းဆုံးနှုတ်ဆက်နိုင်ခဲ့တာပါ။ ဒါပေမဲ့ မာကိုရူးစ်ဟာ ဒေါ့မန်ပရိသတ်တွေကို ကွင်းအတွင်းအကောင်းဆုံးစွမ်းဆောင်ပြရုံနဲ့ နှုတ်ဆက်ခဲ့တာ မဟုတ်ပါဘူး။ အဲဒီပွဲကို ဒေါ့မန်ပရိသတ် ၈၀၀၀၀ လာရောက်အာပေးခဲ့ပြီး ပွဲလာကြည့်တဲ့အသင်းပရိသတ်တိုင်းကို မာကိုရူးစ်က ဘီယာအလကားတိုက်ခဲ့တာပါ။

ဒေါ့မန်အိမ်ကွင်း ဆစ်ဂနယ်အစ်ဒူနာပါ့ခ်ပွဲကြည့်စင်က ဘားတစ်ခုမှာ အခုလိုစာလေးရေးပြီး ကပ်ထားခဲ့ပါတယ်။ ”အရာအားလုံးအတွက် ကျေးဇူးပါ။ ဒီနောက်ဆုံးနှုတ်ဆက်ဘီယာက ကျွန်တော်တိုက်မှာပါ။ ခင်ဗျားတို့ရဲ့မာကို”လို့ သူရေးခဲ့တာပါ။ ဒေါ့မန်အိမ်ကွင်းမှာက ဘီယာတစ်ခွက်ကို ယူရို ၄.၉၀ ကျသင့်ပါတယ်။ မာကိုရူးစ်ဟာ ဒေါ့မန်အတွက် ၄၂၇ ပွဲကစားပေးခဲ့ပြီး ဂိုးပေါင်း ၁၇၀ သွင်းခဲ့ကာ အသင်းနဲ့အတူ ဆုဖလား ၄ လုံးရခဲ့တာပါ။

တစ်ရာသီလုံး ရှုံးပွဲမရှိ မှတ်တမ်းနဲ့ လေဗာကူဆင်အသင်းချန်ပီယံဖြစ်ခဲ့တဲ့ ဘွန်ဒက်စ်လီဂါရဲ့ ဒီရာသီပြီးဆုံးပွဲစဉ်ဟာ မာကိုရူးစ်အတွက် အမှတ်တရဖြစ်စေခဲ့သလို သူ့ရဲ့ကစားသမားဘဝမှာ ပြိုင်ဘက်အဖြစ်နဲ့ နှစ်ရှည်ယှဉ်ပြိုင်ဘက်ဖြစ်ခဲ့တဲ့ ဘိုင်ယန်မြူနစ်ရဲ့ ကျဆုံးခန်းကိုလည်းတွေ့ကြုံခဲ့လိုက်ရတယ်လို့ဆိုရမှာပါ။ မနှစ်က ရာသီသိမ်းချိန်မှာ ဘိုင်ယန်မြူနစ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်အရ ဘွန်ဒက်စ်လီဂါ အမှတ်ပေးချန်ပီယံဆုကို လက်လွှတ်ခဲ့ရတဲ့ မာကိုရူးစ်ရဲ့ ဒေါ့မန်အသင်းက ဒီနှစ်မှာ ရီးရဲလ်နဲ့ ချန်ပီယံလိဂ် ဗိုလ်လုပွဲကစားဖို့ရှိနေသေးတာကြောင့် ဆုဖလားရယူနိုင်မယ့်အခွင့်အရေးရှိနေပါသေးတယ်။

ဒီအချိန်မှာ ဘွန်ဒက်စ်လီဂါရဲ့ ချန်ပီယံအဖြစ် (၁၁)နှစ်ကြာ ဆက်တိုက်ရယူထားနိုင်ခဲ့တဲ့ ဘိုင်ယန်ကတော့ ရာသီပိတ်ပွဲမှာ ဟော်ဖန်ဟိန်းကို (၄-၂)ရလဒ်နဲ့ရှုံးပြီး အမှတ်ပေးဇယားမှာ အဆင့်(၃)နေရာအထိရောက်သွားခဲ့တာကတော့ ထူးခြားတဲ့ မှတ်တမ်းလို့ဆိုရတော့မှာပါ။ ဒါ့အပြင် အဆင့် ၃ နေရာမှာသာ ရပ်တည်နိုင်ခဲ့တာကြောင့်လည်း ဘိုင်ယန်တို့ဟာ လာမယ့်ရာသီအစ ဂျာမန်စူပါဖလားပွဲကို ကစားရတော့မှာလည်းမဟုတ်ပါဘူး။

ဒါ့ကြောင့် စပါးမှာ အသင်းလိုက် ဆုဖလားမရခဲ့လို့ ဒီရာသီမှာ ဘိုင်ယန်ကို ပြောင်းရွှေ့လာခဲ့တဲ့ ဟယ်ရီကိန်းအတွက်ကတော့ ဆုဖလားကိုင်မြှောက်နိုင်မယ့်အခွင့်အရေးကိုရဖို့ နောက်နှစ် မေလအထိ ကြာမြင့်အုန်းမယ်သဘောပါပဲ။