မန်စီးတီးနည်းတူ ပရီးမီးယားလိဂ် ချန်ပီယံဆု ပုံစံတူ ဖလားကြီးနဲ့ ဆုပေးပွဲအခမ်းအနားကို အသွင်ယူ ဇာတ်တိုက် လေ့ကျင့်ခဲ့တဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ ၂၀၂၃-၂၄ ဘောလုံးရာသီ ပရီးမီးယားလိဂ် ချန်ပီယံဆု ပုံစံတူ ဖလားနဲ့အတူ ဆုပေးပွဲ အခမ်းအနားကို အသွင်ယူ ဇာတ်တိုက် လေ့ကျင့်ခဲ့ပါတယ်။ ဂန်းနားတွေဟာ ဒီညမှာ အဲဗာတန်ကို အနိုင်ရပြီး မန်စီးတီးက အမှတ်လျော့ခဲ့ရင် နှစ်ပေါင်း ၂၀ ကြာ ကင်းကွာနေတဲ့ ပရီးမီးယားလိဂ် ဆုဖလားကို ပထမဆုံးအကြိမ် ပြန်ပြီး ရယူနိုင် တော့မှာပါ။

ဒီည ကစားမယ့် ရာသီပိတ်ပွဲစဉ်မှာ အာဆင်နယ်က အဲဗာတန်ကို အနိုင်ရပြီး လက်ရှိချန်ပီယံ မန်စီးတီးက ဝက်စ်ဟမ်းကို သရေ ဒါမှမဟုတ် ရှုံးခဲ့ရင်တော့ ပရီးမီးယား လိဂ် ချန်ပီယံဆုဟာ အာဆင်နယ်ရဲ့ လက်ထဲကို ရောက်လာတော့မှာပါ။

ဒါကြောင့် အ သင်းရဲ့ သမိုင်းဝင် အခမ်းအနားတစ်ခုအတွက် အမှားအယွင်းမရှိအောင် အာဆင်နယ် အသင်း ပြင်ဆင်နေတဲ့ ဗီဒီယိုဖိုင်တစ်ခုဟာ လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့လာပါတယ်။ အဲဒီ ဗီဒီယိုထဲမှာဆိုရင် ပရီးမီးယားလိဂ် ဖလားနဲ့ ပုံစံတူ ဖလားတစ်လုံးကို တွေ့ရပြီး နည်းပြ အာတီတာနဲ့ အသင်းတာဝန်ရှိသူ တချို့ကိုလည်း အတူပူးတွဲ တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အခမ်းအနား အစီအစဉ် တက်ဆက်သူတွေ၊ အကူလူတွေကိုလည်း တွေ့ခဲ့ရပါတယ်။ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲကျင်းပရေး ကော်မတီဟာ ဆုဖလား ၂ ခုကို စီစဉ်ထားပြီး အဲဒီ ဆုဖလား ၂ လုံးဟာ ဒီညပွဲမှာတော့ အီးမရိတ်စ် ကွင်းမှာရော အီတီဟတ် ကွင်းမှာပါ ရှိနေမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်ဟာ မန်စီးတီးနဲ့အာဆင်နယ် အသင်း(၂)သင်းစလုံးအပေါ်မှာ တူညီတဲ့ အခွင့်အရေးတွေရှိနေတယ်လို့ ပြသပေးလိုက်တာလည်းဖြစ်ပါတယ်။

ရာသီပိတ်ပွဲစဉ်အပြီး အာဆင်နယ် ချန်ပီယံဖြစ်ခဲ့ရင်တော့ အဲဒီ ဆုဖလား အပေါ်မှာ အာဆင်နယ်ရဲ့ နာမည်ကို ခုနှစ်သက္ကရာဇ်နဲ့ အတူတွဲပြီး စာတန်း ရေးထိုးမှာ ဖြစ်သလို မန်စီးတီး ဗိုလ်စွဲရင်တော့ မန်စီးတီးရဲ့ နာမည်ကိုလည်း အလားတူ ရေးထိုးမှာ ဖြစ်ပါတယ်။ လန်ဒန်ထိပ်သီးဖြစ်တဲ့ အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်ဖို့ အရမ်းကို ဆန္ဒပြင်းပြတဲ့ အသင်းဖြစ်နေပြီး ချန်ပီယံဆုနဲ့အတူ အမိုးဖွင့်ကားကြီးစီးပြီး လန်ဒန်မြို့ကို ပတ်ပြီး အောင်ပွဲခံဖို့အတွက် လမ်းကြောင်း အစီအစဉ်တွေလည်း ရေးဆွဲ ထားပြီးသား အသင်းဖြစ်ပါတယ်။