အိုးထရက်ဖိုဒ်ကွင်းမှာ မန်ယူပွဲကို ကြည့်ခွင့်ရဖို့အတွက် နိုင်ငံပေါင်း ၂၀ ကို ဖြတ်လာခဲ့တဲ့ မွန်ဂိုလီးယားသားလေး အိုချာဗန်နီဟာ သူ့ရဲ့အိုင်ဒေါနဲ့ပါတွေ့ခွင့်ရလို့ အင်တာဗျူးဖြေနေရင်းတောင် စကားလုံးတွေစွန့်ပသွားတဲ့အထိ ဖြစ်ခဲ့ရ

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်၊ မေလတုန်းက အိုချာဗန်နီဆိုတဲ့ ပရိသတ်ဟာ မန်ယူအသင်း ကစားတဲ့ပွဲကို

အိုးလ်ထရက်ဖို့ဒ်မှာ ကြည့်ဖို့ဆိုပြီး ကီလိုမီတာ ၁၄၀၀၀ ကျော် ဝေးတဲ့ မန်ချက်စတာမြို့ကို

မွန်ဂိုးလီးယား နိုင်ငံကနေ စက်ဘီးနဲ့ ခရီးထွက်လာခဲ့တယ်။

ဒီခရီးအတိုင်းအတာအရ အိုချာဗန်နီဟာ နိုင်ငံပေါင်း ၂၀ ကိုဖြတ်ပြီး စက်ဘီးနဲ့ ခရီးနှင်ခဲ့ရတာပါ။

ရင်းနှီးတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကတော့ သူ့ကို အိုချီရူးလို့ ခေါ်ကြပြီး

မွန်ဂိုလီးယား ဘောလုံးအသိုင်း အဝိုင်းမှာလည်း အိုချီရူးလို့ပဲ လူသိများတဲ့ အိုချန်ဗန်နီဟာ

မန်ယူအသင်းကို ၂၀၁၀ ပြည့် နှစ်ကတည်းက အရူးအမူး အားပေးခဲ့တာပါ။

နောက်ပြီး မန်ယူအသင်းကြီးရဲ့ ပရော်ဖက် ရှင်နယ် ကစားသမားဖြစ်ချင်ပေမဲ့ ဖြစ်ခွင့်မရတဲ့ အကြောင်းကိုလည်း

မွန်ဂိုလီးယားသား လေးက စာနဲ့ရေးပြီး အကြောင်းကြားခဲ့ဖူးပါတယ်။

အဲဒီစာမှာဆိုရင် ‘‘အခုဆိုရင် ကျွန်တော် ဟာ အိုးလ်ထရက်ဖို့ဒ်ဆီကို မွန်ဂိုလီးယားကနေ စက်ဘီးစီးပြီး လာနေပါပြီ။

ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်ဟာ မန်ယူကို ချစ်လို့ပါ။ ကျွန်တော့်ရဲ့ မဟာသူရဲကောင်းက ဝိန်းရွန်နီ ပဲ။

သူ့ရဲ့ အလုပ်အပေါ်မှာထားတဲ့ အရမ်းကောင်းလွန်းတဲ့ ကျင့်ဝတ်၊

စွယ်စုံရတဲ့ပုံစံနဲ့ အရေးကြီးတဲ့အချိန်မှာ လုပ်ပြတာတွေကို ကျွန်တော် ချစ်တယ်။

သူဟာ အမြဲတမ်းပဲ ခွန် အားပေးသူတစ်ယောက်ဖြစ်တယ်။

ကျွန်တော် ငယ်ငယ်တုန်းက ဘောလုံးသမားတစ် ယောက်ဖြစ်ချင်ပြီး မန်ယူအသင်းအတွက် ကစားချင်တာပါ။

ဒါပေမဲ့ အရမ်းကို ခက်ခဲတဲ့ အခြေအနေနဲ့ ကျွန်တော် ကြုံခဲ့ရပြီး ဘောလုံးအေးဂျင့်တစ်ယောက်က

ကျွန်တော့်ကို လိမ် သွားတဲ့အတွက် ငွေကြေးတော်တော်များတဲ့ ပမာဏကို ဆုံးရှုံးလိုက်ရတယ်။

အဲဒါဟာ အိပ်မက် ဆိုးတစ်ခုလို ကျွန်တော် ခံစားခဲ့ရတယ်’’ လို့ အိုချီရူးက ရေးခဲ့တာပါ။

ဒီစာကို ဖတ်ပြီးသွား တဲ့နောက် မန်ယူအသင်း တာဝန်ရှိသူတွေဟာ မွန်ဂိုလီးယားသားကို

အထူးအခွင့်အရေး တစ်ရပ် ပေးဖို့ ဆုံးဖြတ်ခဲ့ကြပြီး

ကလပ်ရဲ့ ဂန္ထဝင်ကစားသမား ဝိန်းရွန်နီနဲ့ပါ တွေ့ပေးဖို့ စီစဉ်ခဲ့ပါတယ်။

အိုချီရူးတစ်ယောက် ဒီအကြောင်းကို သိတဲ့အချိန်မှာ

သူ့ကို အိုးလ်ထရက်ဖို့ဒ် ဆီ ဖိတ်ပြီး ရွန်နီနဲ့ တွေ့ပေးမယ်ဆိုတဲ့ ပုံစံမျိုး ထင်ထားခဲ့တာပါ။

ဒါပေမဲ့ မန်ယူအသင်းရဲ့စီစဉ်ပေးမှုပုံစံက ကီလိုမီတာ ၁၄၀၀၀ ကျော် ဝေးတဲ့နေရာကနေ

စက်ဘီးတစ်စီးနဲ့ အရောက်လာခဲ့တဲ့ အာရှသားလေးအတွက်

ပိုမိုနွေးထွေးတဲ့စီစဉ်ပေးမှုရှိနေတယ်ဆိုတာကိုတော့ သူကြိုတင်မသိရှိခဲ့ပါဘူး။

အဲ့ဒါကတော့ အသင်းရဲ့စီစဉ်ပေးမှုနဲ့အတူ သူ့ရဲ့ အိုင်ဒေါ ရွန်နီက အိုချန်ဗန်နီကို

အဝေးရောက် မိသားစုဝင်တစ်ဦး အိမ်ပြန်လာတာကို ကြိုဆိုလိုက်တဲ့ပုံစံမျိုးဖြစ်အောင် ပြုလုပ်ပေးလိုက်တာပါပဲ။

ရွန်နီရဲ့ ဝတ်ဆင်မှုပုံစံတွေကိုလည်း formal ဝတ်စုံတွေအစား နေ့စဉ်ပုံမှန်ဝတ်ဆင်မှုအတိုင်းရှိနေစေခဲ့သလို

အိုးထရက်ဖိုဒ်ကွင်းထဲက ပွဲကြည့်စင်မှာပဲ အိုချန်ဗန်နီကို အင်တာဗျူးအစီအစဉ်လုပ်နေစဉ်အတွင်း တွေ့ဆုံစေခဲ့လိုက်တာပါ။

အိုချန်ဗန်နီဟာလည်း ဒီစီစဉ်ပေးမှုမျိုးဖြစ်မယ် မထင်ထားခဲ့တာကြောင့်လည်း

သူ့ရဲ့ အိုင်ဒေါ ရွန်နီနဲ့ တွေ့ဆုံခဲ့ချိန်မှာ စကားလုံးတွေစွန့်အသွားတဲ့အထိ ဖြစ်ခဲ့ရပြီးမျက်ရည်တွေပါဝဲတက်လာခဲ့တာကိုတွေ့ခဲ့ရပါတယ်။

မန်ယူအသင်းဘက်ကတော့ ကလပ်အပေါ်မှာ အရူးအမူး အားပေးတဲ့ ပရိသတ်တစ်ယောက်ရဲ့

စိတ်ခံစားမှုကို တန်ဖိုး ထားတဲ့အနေနဲ့ အမှတ်ရစရာကောင်းအောင် စီစဉ်ပေးခဲ့ပြီး

မန်ယူနဲ့ အာဆင်နယ်တို့ ကစားခဲ့တဲ့ပွဲကို ဒါရိုက်တာ အဖွဲ့ဝင်တွေကြည့်တဲ့ VIP ခန်းထဲကနေ

ကြည့်ခွင့်ရဖို့ စီစဉ် ပေးခဲ့သလို အသင်းဂန္ထဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်၊

အသင်းခေါင်းဆောင် ဘရူ နို ဖာနန်ဒက်စ်တို့နဲ့ တွေ့ဖို့ အခွင့်အရေးလည်း ပေးခဲ့ပါတယ်။

ဒါဟာ မန်ယူအသင်းရဲ့ ပရိသတ်ပေးစာ ကဏ္ဍအပေါ်မှာ

အလေးထားတဲ့ ဆောင်ရွက်ချက်တစ်ခုအဖြစ် သမိုင်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။