၂၀၂၀ ရဲ့ဝင်ငွေအကောင်းဆုံး ဘောလုံးသမား ၁၀ ဦး

0
662

အားလုံးပဲ မင်္ဂလာပါ။ M Diary channel ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတစ်ခေါက်မှာတော့ ၂၀၂၀ ရဲ့ဝင်ငွေအကောင်းဆုံးဘောလုံးသမား ၁၀ ဦးအကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ဘောလုံးသမားတွေဟာ မြင်မကောင်းလောက်အောင် ပိုက်ဆံတွေရကြတယ်ဆိုတာ အားလုံးအသိပါပဲ။ ကမ္ဘာပေါ်က အကောင်းဆုံးကလပ်အသင်းတွေဟာ အောင်မြင်မှုအတွက် ငမ်းငမ်းတက်ဖြစ်နေကြတာကြောင့် သူတို့လိုချင်တဲ့ကစားသမားအတွက် ဘယ်လောက်ပဲလစာပေးရပေးရ ပေးကြမှာပါ။ ဒါပေမဲ့ ဘယ်သူတွေက လက်ရှိကမ္ဘာ့ဘောလုံးလောကမှာ ဝင်ငွေအကောင်းဆုံးဖြစ်နေကြတာလဲ။ Ballon d’Or ဆုချီးမြှင့်တဲ့ ပြင်သစ်ဘောလုံးမဂ္ဂဇင်းဟာ အဲဒီအတွက် နှစ်စဉ်နှစ်တိုင်း တွက်ချက်လေ့လာထုတ်ပြန်ပေးပြီး ၂၀၂၀ ရဲ့ဝင်ငွေအကောင်းဆုံးဘောလုံးသမားစာရင်းက ထွက်ပေါ်လာတာ ရက်ပိုင်းသာ ရှိပါသေးတယ်။ အဲဒီမှာ ကစားသမားတစ်ယောက်ချင်းရဲ့လစာအပြင် ဆုကြေးတွေနဲ့ ကြော်ငြာတွေကရတဲ့ဝင်ငွေကိုလည်း ထည့်သွင်းထားတာပါ။ အဲဒီထဲကမှ ဝင်ငွေအကောင်းဆုံး ၁၀ ဦးကို ဖော်ပြေပေးချင်ပါတယ်။

၁၀။ အမ်ဘက်ပီ – ယူရို ၂၇ သန်း

၂၁ နှစ်သာရှိသေးတဲ့အမ်ဘက်ပီဟာ ထိပ်ဆုံး ၁၀ ဦးထဲမှာ အသက်အငယ်ဆုံးကစားသမားပါ။ ဒီအရွယ်လေးနဲ့တောင် ဒီလောက်ရနေရင် အသက်အရွယ်အရ သူ့ရဲ့အကောင်းဆုံးအချိန်မှာ ဘယ်လောက်တောင်ရနေမလဲဆိုတာကို မှန်းသာကြည့်လိုက်ကြပါ။

၉။ လီဝန်ဒေါစကီး – ယူရို ၂၉ သန်း

လီဝန်ဒေါစကီးဟာ ထိပ်ဆုံး ၁၀ ဦးထဲပါတဲ့ ဘွန်ဒက်စ်လီဂါက တစ်ယောက်တည်းသောကစားသမားဖြစ်ပါတယ်။ လက်ရှိမှာလည်း သူဟာ ကစားသမားဘဝရဲ့အကောင်းဆုံးအချိန်ကို ရောက်ရှိနေတာပါ။

၈။ စတာလင်း – ယူရို ၃၃ သန်း

မန်စီးတီးက ဒီအင်္ဂလိပ်တောင်ပံကစားသမားဟာ ထိပ်ဆုံး ၁၀ ဦးထဲပါတဲ့ ပရီးမီးယားလိဂ်က တစ်ယောက်တည်းသော ကစားသမား ဖြစ်ပါတယ်။ သူ့နေရာမှာတော့ ကမ္ဘာ့အဆင့်စာရင်းဝင်တဲ့စတာလင်းဟာ အခုမှ ၂၅ နှစ်သာရှိသေးတာပါ။

၇။ အင်နီယေစတာ – ယူရို ၃၄ သန်း

၃၅ နှစ်ရှိပြီဖြစ်တဲ့ အင်နီယေစတာဟာ ဂျပန်က ဂျေလိဂ်မှာ ကစားနေတာပါ။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ သတ္တမမြောက်ဝင်ငွေအကောင်းဆုံးကစားသမားဖြစ်နေဆဲပါပဲ။

၆။ အီဒင်ဟာဇတ် – ယူရို ၃၈ သန်း

ဟာဇတ်ဟာ ပြီးခဲ့တဲ့နွေရာသီက ရီးရဲလ်မက်ဒရစ်အပြောင်းအရွှေ့ကြောင့် ထိပ်ဆုံး ၁၀ ဦးစာရင်းထဲ ပါလာခဲ့တာပါ။ ချဲလ်ဆီးမှာထက် ရီးရဲလ်မှာ သူပိုက်ဆံပိုရနေတာပါ။

၅။ ဂရစ်ဇ်မန်း – ယူရို ၃၈ သန်း

ဂရစ်ဇ်မန်းဟာ ဒီရာသီဘာစီလိုနာမှာသာ ရုန်းကန်နေရပေမယ့် လစာအလွန်ကောင်းတဲ့ကစားသမားတစ်ယောက်ပါ။ အက်သလက်တီကိုကပြောင်းလိုက်တာ ငွေရေးကြေးရေးအရတော့ သူ့အတွက် အလုပ်ဖြစ်သွားပါတယ်။

၄။ ဂါရတ်ဘေးလ် – ယူရို ၃၈ သန်း

ဂါရတ်ဘေးလ်ဟာ ဒီရာသီရီးရဲလ်အတွက် ၁၈ ပွဲမှာ ၃ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ကမ္ဘာပေါ်မှာ စတုတ္ထဝင်ငွေအကောင်းဆုံးဘောလုံးသမားဖြစ်နေပါတယ်။

၃။ နေမာ – ယူရို ၉၅ သန်း

စတုတ္ထနေရာက ဂါရတ်ဘေးလ်နဲ့ တတိယနေရာက နေမာတို့ကြား ဝင်ငွေကွာဟချက်ကြီးမားလှပြီး ယူရို ၅၇ သန်းတောာင် ဖြစ်ပါတယ်။ နေမာဟာ ပီအက်စ်ဂျီမှာ လစာအများဆုံးရကစားသမား ဖြစ်ပါတယ်။

၂။ စီရော်နယ်ဒို – ယူရို ၁၁၈ သန်း

၃၅ နှစ်ရှိပြီဖြစ်ပေမယ့်လည်း စီရော်နယ်ဒိုဟာ တစ်နှစ်ကို ယူရိုသန်း ၁၀၀ ကျော်ရနေဆဲပါပဲ။ သူ့ပုံရိပ်က ကြီးမားတဲ့အတွက် ဆက်လက်ဝင်ငွေကောင်းနေဦးမှာပါ။

၁။ မက်ဆီ – ယူရို ၁၃၁ သန်း

မက်ဆီဟာ ယူရို ၁၃ သန်းတည်းနဲ့ သူ့ရဲ့အဓိကပြိုင်ဘက်ကြီးကို ကျော်ဖြတ်ပြီး ထိပ်ဆုံးနေရာရပ်တည်နိုင်ခဲ့တာပါ။ ဘာစီလိုနာက များပြားလှတဲ့သူလစာကြောင့် ဘောလုံးသမားတွေထဲမှာ လစာအများဆုံးရသူလည်း ဖြစ်ပါတယ်။

 
