မြက်ခင်းစိမ်းပေါ်က အကောင်းဆုံးလက်စားချေမှုများ

0
1037

အားလုံးပဲ မင်္ဂလာပါ။ M Diary channel ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတစ်ခေါက်မှာတော့ မြက်ခင်းစိမ်းပေါ်က အကောင်းဆုံးလက်စားချေမှုများဆိုတဲ့အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ဘောလုံးမှာ ပြိုင်ဘက်ရဲ့လှောင်ပြောင်မှု၊ ရန်စမှု၊စော်ကားမှု၊အလွန်အကျူးအောင်ပွဲခံမှု၊မခံချင်အောင်လုပ်မှုတွေအတွက် ပြန်လည်တုံ့ပြန်ပြတာတွေ များစွာရှိခဲ့ပါတယ်။ အဲဒီထဲက အကောင်းဆုံးလက်စားချေမှုတွေကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။

ဆီမြွန်နီ vs စီရော်နယ်ဒို

ဘာမှမကြာလှသေးတဲ့ ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ် ၁၆ သင်းအဆင့်မှာပေါ့။ စီရော်နယ်ဒိုနဲ့ သူ့အသင်းဟောင်းရီးရဲလ်တို့ရဲ့အမြဲတမ်းဒုက္ခပေးခြင်းခံခဲ့ရတဲ့ အက်သလက်တီကိုနည်းပြဆီမြွန်နီဟာ အဲဒီပေါ်တူဂီသားရဲ့ဂျုဗင်တပ်ကို ၂-၀ ဂိုးနဲ့အနိုင်ရခဲ့တဲ့ အိမ်ကွင်းပထမအကျော့မှာ ဒုတိယဂိုးသွင်းပြီးချိန် ကိုယ်အောက်ပိုင်းကိုကော့ပြပြီး အောင်ပွဲခံခဲ့ပါတယ်။ ဒါပေမဲ့ ဂျူဗင်တပ်အိမ်ကွင်းဒုတိယအကျော့မှာ စီရော်နယ်ဒိုရဲ့ဟက်ထရစ်ဂိုးကြောင် ့ အက်သလက်တီကိုဟာ အဝေးဂိုးနဲ့ပြိုင်ပွဲက ထွက်လိုက်ရပါတယ်။ ဇာတ်ရှိန်အမြင့်ဆုံးဖြစ်တဲ့ တတိယဂိုးသွင်းပြီးချိန်မှာ စီရော်နယ်ဒိုဟာ ပထမအကျော့က ဆီမြွန်နီအောင်ပွဲခံခဲ့တဲ့ပုံစံတိုင်း ပြုလုပ်အောင်ပွဲခံခဲ့ကာ ပြန်လက်စားချေနိုင်ခဲ့ပါတယ်။ နိုင်ငံနဲ့လိဂ်သာပြောင်းသွားပေမယ့် စီရော်နယ်ဒိုဟာ ဆီမြွန်နီရဲ့အိပ်မက်ဆိုးဖြစ်နေဆဲပါပဲ

ကာဇာဝါ vs ဆွီဒင်ယူ-၂၁

၂၀၁၅ ဥရောပယူ-၂၁ ချန်ပီယံရှစ်ရဲ့ခြေစစ်ပွဲအဆင့်မှာပါ။ အဲဒီမှာ ပြင်သစ်နဲ့ဆွီဒင်တို့တွေ့ကြတာဖြစ်ပြီး ပထမအကျော့အဝေးကွင်း ၂-၀ နဲ့ရှုံးထားတဲ့ဆွီဒင် ဒုတိယအကျော့အိမ်ကွင်း ၃-၀ နဲ့နိုင်နေချိန် ၈၇ မိနစ်မှာ လက်ရှိပီအက်စ်ဂျီကစားသမားကာဇာဝါက ပြင်သစ်အတွက် အရေးပါတဲ့အဝေးဂိုးတစ်ဂိုးကို ခေါင်းတိုက်သွင်းပေးခဲ့ပြီး အောင်ပွဲခံပြီးပြန်အလာ ဆွီဒင်တိုက်စစ်မှုးဂူဒက်တီရှေ့အရောက် လှောင်ပြောင်တဲ့ပုံစံနဲ့ အလေးပြုခဲ့ပြပါတယ်။ ဒါပေမဲ့ ချက်ချင်းဆိုသလိုပဲ ဆွီဒင်က စတုတ္ထဂိုးထည့်လိုက်ကာ အဲဒီဂိုးသွင်းပြီးချိန်မှာ ဆွီဒင်ကစားသမားတွေဟာ အလေးပြုတဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့ကြပြီး ကာဇာဝါကိုပြန်လှောင်ခဲ့ကြတာပါ။ ဘယ်တော့မှစောပြီး အောင်ပွဲမခံနဲ့လို့ ဆွီဒင်ကစားသမားတွေက ကာဇာဝါကို ပညာပေးလိုက်တာပါပဲ။

ဘာလော့တယ်လီ vs ဝီဒန်ဖယ်လာ

၂၀၁၂ က ချန်ပီယံလိဂ်အုပ်စုပွဲစဉ်မှာပါ။ မန်စီးတီဟာ ဒေါ့မန်ကို ၁-၀ နဲ့ရှုံးနိမ့်နေချိန်ဖြစ်တဲ့ ပွဲပြီးကာနီး ၈၉ မိနစ်မှာ ပင်နယ်တီကန်ခွင့်ရသွားပါတယ်။ အဲဒီပင်နယ်တီကို လူစားဝင်တိုက်စစ်မှုးဘာလော့တယ်လီက ကန်သွင်းဖို့ ပြင်ဆင်နေစဉ် ဒေါ့မန်ဂိုးသမားဝီဒန်ဖယ်လာက အနားရောက်လာပြီး ဒါကို မင်းဝင်အောင်မသွင်းနိုင်ပါဘူးလို့ စိတ်ဓာတ်စစ်ဆင်ရေးလုပ်တဲ့အနေနဲ့ မခံချင်အောင် ပြောလိုက်ပါတယ်။ အဲဒီအချိန်တုန်းက ဘာလော့တယ်လီဟာ ပင်နယ်တီဘယ်တုန်းကမှ မလွဲဖူးသေးသလို မန်စီးတီးအတွက် နောက်ကျချေပဂိုးအဖြစ်လည်း အမှားအယွင်းမရှိကန်သွင်းပြလိုက်ပါတယ်။ အဲဒီနောက်ဂိုးပိုက်ထဲက ဘောလုံးကိုသွားယူပြီး ဝီဒန်ဖယ်လာဘက်ကိုလှည့်ကာ မင်းပြောတာက ဘာမှအသုံးမဝင်ဘူးဆိုတဲ့သဘော လက်နဲ့အမူအယာပြခဲ့ပါတယ်။

နစ္စတယ်ရွိင်း vs အန်တိုနီလီမာ

၂၀၀၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာပါ။ အန်ဒိုရာနဲ့ပွဲမှာ နယ်သာလန်ဟာ ပင်နယ်တီကန်ခွင့်ရပြီး အဲဒီပင်နယ်တီကိုတိုက်စစ်မှုးနစ္စတယ်ရွိုင်းကန်သွင်းရာမှာ ဂိုးတိုင်နဲ့ထိထွက်သွားပါတယ်။ အဲဒီအချိန်က နစ္စတယ်ရွိုင်းဟာ ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတွေထဲက တစ်ယောက်ဖြစ်ပြီး သူ့ရဲ့ပင်နယ်တီလွဲမှုအပေါ် အန်ဒိုရာဗဟိုနောက်ခံလူအန်တိုနီလီမာက လှောင်ပြောင်မှုလုပ်ခဲ့ပါတယ်။ နောက်မိနစ်အနည်းငယ်အကြာမှာတော့ နစ္စတယ်ရွိုင်းတစ်ယောက် တကယ်ဂိုးသွင်းယူနိုင်ခဲ့ပြီး ချက်ချင်းအောင်ပွဲမခံခဲ့ဘဲ သူ့ကိုလှောင်ခဲ့တဲ့ အန်တိုနီလီမာဆီ အရောက်ပြေးသွားကာ အဲဒီအန်ဒိုရာနောက်ခံလူရဲ့ရှေ့ရောက်မှ အောင်ပွဲခံမှုလုပ်ခဲ့တာပါ။

ဗန်ပါစီ vs အိုဇီယာကပ်

၂၀၁၇ က တူရကီဖလားပွဲစဉ်မှာပါ။ အစ္စတန်ဘူလ်ဒါဘီပြိုင်ဘက်တွေဖြစ်ကြတဲ့ ဘီဆစ်တက်နဲ့ဖီနာဘာချီတို့ရင်ဆိုင်တွေ့ကြတာဖြစ်လို့ ပွဲကြမ်းတစ်ပွဲဖြစ်ခဲ့ပါတယ်။ အဲဒီပွဲ ဘီဆစ်တက်အသင်းခေါင်းဆောင်အိုဇီယာကပ်နဲ့ ဖီနာဘာချီတိုက်စစ်မှုးဗန်ပါစီတို့ဟာ အာဆင်နယ်မှာကတည်းက သိကျွမ်းခဲ့ကြသူတွေပါ။ ဒါပေမဲ့ ကွင်းထဲမှာတော့ ရန်သူသဖွယ်ဖြစ်ခဲ့ကြပြီး အကြိမ်ကြိမ်ထိပ်တိုက်တွေ့ခဲ့ကြကာ သူတို့နှစ်ယောက်ငြိကြတဲ့ တစ်ကြိမ်မှတော့ အိုဇီယာကပ်က ဗန်ပါစီကို မင်းအိုနေပြီလို့ ပြောလိုက်ပါတယ်။ ဒါကို မကျေနပ်တဲ့ဗန်ပါစီဟာ ၇၁ မိနစ်အရောက် ဖီနာဘာချီအတွက် တစ်လုံးတည်းသောအနိုင်ဂိုးသွင်းပြီးချိန်မှာတော့ အိုဇီယာကပ်ရှိရာဆီပြေးသွားပြီး သူ့ရှေ့မှာ နယ်သာလန်လို လက်စားချေတာကွလို့ ပြောကာ လျှောတိုက်အောင်ပွဲခံခဲ့ပါတယ်။ အဲဒီလိုအောင်ပွဲခံမှုကြောင့် ဗန်ပါစီဟာ ၃ ပွဲပယ်ခံလိုက်ရပါတယ်။
