ပရီးမီးယားလိဂ်ခေတ် မန်ယူရဲ့ အဆိုးရွားဆုံး ၂၅ ဦးလူစာရင်း

0
945

အားလုံးပဲ မင်္ဂလာပါ။ M Diary channel ကနေ ပြန်လည်ကြိုဆိုပါတယ်။ အခုတစ်ခေါက်မှာတော့ ပရီးမီးယားလိဂ်ခေတ် မန်ယူရဲ့အဆိုးရွားဆုံး ၂၅ ဦးလူစာရင်းအကြောင်း တင်ဆက်ပေးချင်ပါတယ်။ ၁၉၉၂ ခုနှစ်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲကို စတင်ကျင်းပချိန်ကတည်းက မန်ယူအသင်းဟာ အကြီးအကျယ်ကိုအောင်မြင်လာခဲ့ပါတယ်။ ဆာအဲလက်စ်ဖာဂူဆန်ဟာ ပရီးမီးယားလိဂ်မှာ ၁၃ ကြိမ်နဲ့ ချန်ပီယံလိဂ်မှာ ၂ ကြိမ်ဗိုလ်စွဲအောင် ကလပ်ကိုဦးဆောင်ပေးခဲ့တာပါ။ သူ့လက်ထက်မှာပဲ မန်ယူဟာ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်း ဖြစ်လာခဲ့ပါတယ်။ ဖာဂူဆန်လက်ထက်အကြီးအကျယ်အောင်မြင်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ ၂၈ နှစ်အတွင်း ယူနိုက်တက်မှာ အရမ်းကိုခြေစွမ်းညံ့ဖျင်းတဲ့ကစားသမားအချို့ရှိခဲ့ပါတယ်။ အထူးသဖြင့် ၂၀၁၃ မှာ သူအနားယူသွားပြီးနောက်ပိုင်းဖြစ်ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ခေတ် မန်ယူရဲ့ အဆိုးရွားဆုံး ၂၅ ဦးစာရင်းကို ရွေးချယ်ဖော်ပြပေးချင်ပါတယ်။ ဂိုးသမားနေရာကနေပဲ စလိုက်ကြရအောင်ဗျာ…

ဂိုး – မာ့ခ်ဘော့စနစ်ချ်၊ မက်ဆီမိုတိုင်ဘီ၊ ရွိုင်းကာရိုးလ်

ဘော့စနစ်ချ်ဟာ ၁၉၉၉-၂၀၀၀ ရာသီမှာ ပီတာရှမိုက်ကယ်နေရာလွှဲပြောင်းယူပြီး မန်ယူရဲ့ပထမဦးစားပေးဂိုးသမားအဖြစ် တစ်ရာသီကြာရှိခဲ့ပါတယ်။ တိုင်ဘီကတော့ ပြောင်းရွှေ့ကြေးပေါင် ၄.၅ သန်းနဲ့ အသင်းကိုရောက်လာပေမယ့် မန်ယူမှာ ၄ ပွဲသာ ကစားခွင့်ရခဲ့တာပါ။ ရွိုင်းကာရိုးလ်ကတော့ သမိုင်းတစ်လျှောက် အဆိုးဆုံးဂိုးဖမ်းယူမှုတွေထဲတစ်ခုအတွက် အမှတ်ရနေမယ့်သူဖြစ်ပါတယ်။

နောက်တန်း – ပရူနီယာ၊ ဖီးလ်ဂျုံးစ်၊ ရိုဂျို၊ ဒါမီယန်၊ တိုင်လာဘလက်ကတ်၊ ဗာရီလာ၊ ဘတ်တနာ၊ စပက်တာ

ဒီထဲမှာ ပရူနီယာဟာ သူ့ရဲ့မန်ယူဒုတိယပွဲမှာပဲ ဆိုးဆိုးရွားရွားဖြစ်ခဲ့ပြီး အဲဒီနောက်ပိုင်းကတည်းက မတွေ့ရတော့ပါဘူး။ ဖီးလ်ဂျုံးစ်ကတော့ မန်ယူမှာ ၉ နှစ်ကြာရှိနေပေမယ့် အခုတော့ သူ့ရဲ့နေ့ရက်တွေကိုရေတွက်နေရပြီဖြစ်ကာ ရိုဂျိုဟာလည်း လက်ရှိမှာ အငှားထွက်ကစားနေတာပါ။ ဘလက်ကတ်၊ ဗာရီလာ၊ ဘတ်တနာနဲ့ စပက်တာတို့အားလုံးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ပဲ မန်ယူလိုအောင်မြင်တဲ့အသင်းကြီးတစ်သင်းမှာ ဝင်မဆံ့နိုင်ဖြစ်ခဲ့ကြပါတယ်။

အလယ်တန်း – ဒီမာရီယာ၊ အိုဘာတန်၊ ကလီဘာဆန်၊ ဂျမ်ဘာဂျမ်ဘာ၊ ချတ်ဝစ်ခ်၊ ဗာရွန်၊ ဘယ်လီယွန်၊ တိုဆစ်၊ ဇာဟာ

ဒီမာရီယာဟာ မန်ယူမှာ အိပ်မက်ဆိုးကြုံတွေ့ခဲ့ရသူပါ။ ၂၀၁၄ မှာ ရီးရဲလ်ကနေ ပြောင်းရွှေ့ကြေးပေါင် ၅၉.၇ သန်းနဲ့ ရောက်လာလာချင်း ခြေစွမ်းပြခဲ့သေးတယ်။ ဒါပေမဲ့ တစ်နှစ်အကြာ ပြန်လည်ရောင်းထုတ်ခြင်းမခံရခင်အချိန်ထိ ၄ ဂိုးသာသွင်းနိုင်ခဲ့ပါတယ်။ ဗာရွန်ကလည်း ကြေးကြီးပေးခေါ်ခဲ့ရတဲ့ နာမည်ကြီးကစားသမားဖြစ်ပေမယ့် မျှော်လင့်ထားသလို ဖြစ်မလာခဲ့ပါဘူး။ ချတ်ဝစ်ခ်ဟာ လူငယ်အဆင့်က တက်လာသူဖြစ်ကာ ၃၈ ပွဲကစားခဲ့ပေမယ့်လည်း မန်ယူမှာ တန်းမဝင်သူဖြစ်ခဲ့ပါတယ်။ တိုဆစ်က စီရော်နယ်ဒိုလက်သစ်လို့ နာမည်ကြီးခဲ့ပေမယ့် အလားအလာကောင်းအတိုင်း ဖြစ်မလာခဲ့ဘဲ ငယ်ရွယ်တဲ့ဇာဟာဟာလည်း ရုန်းကန်ခဲ့ရပါတယ်။ ဂျမ်ဘာဂျမ်ဘာဟာလည်း မန်ယူမှ တစ်ခဏပဲ တောက်ခဲ့တာပါ။ အိုဘာတန်၊ကလီဘာဆန်နဲ့ ဘယ်လီယွန်တို့အကြောင်းဆို ပြောတဲ့သူတောင် မရှိကြတော့ဘူး။

ရှေ့တန်း – ဖယ်ကာအို၊ ဖော်လန်၊ မာနူချို၊ ဒေါင်ဖန်ဇူး၊ ဘီဘီ

တစ်ချိန်တုန်းက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှုးတစ်ယောက်ဖြစ်ခဲ့တဲ့ ဖယ်ကာအိုဟာ အင်္ဂလိပ်ဘောလုံးလောကမှာတော့ ကျရှုံးခဲ့ရပါတယ်။ မန်ယူကို အငှားလာကစားတဲ့ ၂၀၁၄-၁၅ ရာသီ ၂၉ ပွဲမှာ ၄ ဂိုးသာသွင်းနိုင်ခဲ့ပြီး ဒါကြောင့် မန်ယူက သူ့ကို အပြီးသတ်မခေါ်ခဲ့တာဟာ အံ့သြစရာမရှိပါဘူး။ ဖော်လန်ရဲ့မန်ယူက အကောင်းဆုံးအခိုက်အတန့်ဟာ အန်ဖီးလ်မှာ လီဗာပူးကို ၂ ဂိုးသွင်းခဲ့တာပါ။ ဒါပေမဲ့ ပရီးမီးယားလိဂ် ၆၃ ပွဲမှာ ၁၀ ဂိုးသာသွင်းနိုင်ခဲ့တာဟာ မလုံလောက်ခဲ့ပါဘူး။ ဒေါဖန်ဇူးနဲ့မာနူချိုတို့ကတော့ အသင်းကြီးထဲ ဝင်မတိုးနိုင်တဲ့ လူငယ်တွေ ဖြစ်ခဲ့ကြပါတယ်။ ဘီဘီကိုခေါ်ယူမှုကတော့ အခုချိန်ထိ မန်ယူသမိုင်းရဲ့အဆိုးဆုံးခေါ်ယူမှုတွေထဲက တစ်ခုဖြစ်နေဆဲပါပဲ။ ပေါင် ၇ သန်းနဲ့ရောက်လာတဲ့ အဲဒီပေါ်တူဂီသားဟာ နောက် ၄ နှစ်အကြာ ဘင်ဖီကာကိုမပြောင်းခင် မန်ယူအတွက် ၇ ပွဲမှာ ၂ ဂိုးသွင်းခဲ့ပါတယ်။ ဒီ ၂၅ ဦးလူစာရင်းနဲ့ဆိုရင် မန်ယူဟာ တန်းဆင်းဇုန်တိုက်ပွဲတောင် ဆင်နွှဲရနိုင်ပါတယ်။

 
