လက်ရှိစီးတီးမှာ ပျော်နေပေမယ့် ရီးရဲလ်ကိုလည်းပြောင်းချင်တယ်လို့ စတာလင်ဆို

0
320


မန်စီးတီးတောင်ပံကစားသမား စတာလင်က သူဟာ လက်ရှိစီးတီးအသင်းမှာ ပျော်နေပေမယ့် ရီးရဲလ်ကိုလည်း ပြောင်းချင်တယ်လို့ ပြောကြားလိုက်ပါတယ်။ ရီးရဲလ်အသင်းဟာ စီးတီးအသင်း ဥရောဝင်ခွင့် ပိတ်ပင်ခံရမှုကို အခွင့်ကောင်းယူပြီး အသက် ၂၅ နှစ်သားဟာ အခုအပတ်ထဲမှာပဲ ခေါ်ယူဖို့ ချိတ်ဆက်နေတာဖြစ်ပါတယ်။
ဒါပေမဲ့ စတာလင်ကတော့ အဆိုပါသတင်းတွေကို ပယ်ချခဲ့ခြင်းမရှိပဲ ဝန်ခံပြောကြားခဲ့ပါတယ်။

“အခုလက်ရှိကျွန်တော် စီးတီးအသင်းမှာ ပျော်နေပါတယ်။ ဒါပေမဲ့ ရီးရဲလ်ကလည်း အသင်းကောင်းတစ်သင်းပါ။ ရီးရဲလ်ကို မပြောင်းချင်တဲ့ ကစားသမား မရှိပါဘူး။ အခုလက်ရှိက စီးတီးနဲ့ စာချုပ်သက်တမ်းရှိနေပါတယ်”လို့ စတာလင်က ပြောကြားခဲ့ပါတယ်။


“ဘာတွေဖြစ်လာမလဲဆိုတာက ဆက်လက်စောင့်ကြည့်ရမှာပါ။ အခုကတော့ စီးတီးကစားသမားအဖြစ် ရှိနေပါသေးတယ်”လို့ စတာလင်က ပြောပါတယ်။ စတာလင်ရဲ့အေးဂျင့်ကလည်း သူ့ရဲ့ကစားသမာဟာ လက်ရှိမှာ စီးတီးအတွက် အာရုံစိုက်ထားတယ်လို့ ထပ်လောင်းပြောကြားခဲ့ပါတယ်။


စီးတီးအသင်းဟာ လက်ရှိပရီးမီးယားလိဂ်မှာ ထိပ်ဆုံးနေရာက လီဗာပူးအသင်းနဲ့ ရမှတ် ၂၂ မှတ်အထိ ကွာဟနေပြီး နောက်အပတ်မှာတော့ ရီးရဲလ်အသင်းနဲ့ ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ “ကျွန်တော်တို့ ချန်ပီယံလိဂ်မှာ ကစားဖို့ အခွင့်အရေးရှိနေပါတယ်။ ရီးရဲလ်ကလည်း အသင်းကောင်းတစ်သင်းပါ။ လက်ရှိမှာတော့ စီးတီးမှာ ပျော်နေပါတယ်”လို့ စတာလင်က ဝန်ခံပြောကြားခဲ့ပါတယ်။


စီးတီးအသင်းဟာ လက်ရှိဥရောပဝင်ခွင့်ပိတ်ပင်ခံရမှုကို မကြာခင် အပြည်ပြည်ဆိုင်ရာအားကစားခုံရုံးထံမှာ အယူခံဝင်ဖို့ ပြင်ဆင်နေပါတယ်။ The Sun သတင်းဌာနကလည်း ရီးရဲလ်ဟာ စတာလင်ကို ပေါင် ၁၈၀ သန်းအထိ ပေးချေပြီး ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။


စီးတီးဟာ စတာလင်ကို နောက်ထပ် ၃နှစ်စာချုပ်ချုပ်ဆိုဖို့ ပြင်ဆင်နေပြီး တစ်ပတ်လုပ်ခပေါင် ၃၀၀၀၀၀ ကနေ တစ်ပတ်ကို ပေါင် ၄၅၀၀၀၀ အထိ တိုးမြှင့်ပေးဖို့ ပြင်ဆင်နေပါတယ်။ စတာလင်ဟာ ကြံ့ခိုင်မှုပြန်လည်ပြည့်ဝပါက လက်စတာ နဲ့ ရီးရဲလ်တို့ပွဲစဉ်တွေမှာ ပါဝင်ကစားဖွယ် ရှိနေပါတယ်။