အဆင့်အတန်းရှိတဲ့ ကစားပုံတစ်ခုကို ပြသနိုင်ခဲ့ပေမယ့် အူဘာမီယန်း အနီကဒ်ကြောင့် အနိုင် ၃ မှတ်မရခဲ့တဲ့ အာဆင်နယ်

ယနေ့ည ရဲ့ အစောဆုံးပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ပွဲစဉ်မှာတော့ တစ်ဖက် တစ်ဂိုးစီ သရေကျခဲ့ပြီး တစ်မှတ်စီခွဲယူသွားခဲ့တာပါ။

အာဆင်နယ်နည်းပြအာတီတာဟာ ဒီပွဲကို မန်ယူနဲ့ပွဲကပုံစံအတိုင်းပဲ ပွဲထွက်လာခဲ့ကာ ၄ ၂ ၃ ၁ ကစားကွက်နဲ့ရွိုင်းဟော့ဆန်ရဲ့ ပဲလေ့စ်ကိုရင်ဆိုင်ခဲ့တာပါ။ပဲလေ့စ်ကတော့ အဲဗာတန်ကနေ အသစ်ခေါ်ယူထားတဲ့ တိုဆန်ကို အရန်ခုံမှာပဲထားခဲ့ပြီး အပြောင်းအလဲအနည်းငယ်ပြုလုပ်ကာ အာဆင်နယ်ကို ရင်ဆိုင်ခဲ့ပါတယ်။

ပွဲစတာနဲ့ ဆက်တိုက်ဖိကစားနေခဲ့တဲ့ အာဆင်နယ်တို့ ၁၂ မိနစ်မှာတော့ အဖွင့်ဂိုးရသွားခဲ့ပြီး ဒေးဗစ်လူးဝစ် + အိုဇေးလ် + လာကာဇက် တို့ရဲ့ တွဲဖက်မှုကတဆင့်အူဘာမီယန်းက အကောင်းဆုံးအဆုံးသတ်သွားခဲ့တာပဲဖြစ်ပါတယ်။ဂိုးရပြီးနောက်ပိုင်းမှာ အာဆင်နယ်တို့ ပွဲကိုထိန်းချုပ်ဖို့ ကြိုးစားခဲ့ပြီး ဂိုးမပေးရဖို့အတွက် ခံစစ်ကို အာရုံစိုက်သွားခဲ့ပါတယ်။

ဒုတိယပိုင်းမှာတော့ ၄၆ မိနစ်မှာတင် တော်ရိုင်းယားအစား ဂွမ်ဒူဇီ ဝင်လာခဲ့ပြီး ၅၃ မိနစ်မှာတော့ အာဆင်နယ်နောက်တန်းရဲ့ထုံးစံအတိုင်း အယူးရဲ့ ကန်ချက် ဒေးဗစ်လူးဝစ်ဇ်နဲ့ထိကာဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။ဂိုးပေးလိုက်ရပြီး အာဆင်နယ်တို့ ပြန်လည်ဖိကစားဖို့ကြိုးစာပေမယ့် ၆၇ မိနစ်မှာ အူဘာမီယန်းရဲ့ မက်စ်မီယာအပေါ် ဖျက်ထုတ်ပုံကြမ်းတမ်းမှုကို VAR ပြန်ကြည့်ကာအနီကဒ်နဲ့အထုတ်ခံခဲ့ရတာကြောင့် ပဲလေ့စ်တို့ကသာ ပြန်လည်ဖိကစားနိုင်ခဲ့တာပါ။ပဲလေ့စ်ဘက် မက်စ်မီယာအစား တိုဆန်၊အာဆင်နယ်က မာတင်နယ်လီ တို့ကိုထည့်သွင်းကာ အသီးသီး တိုက်စစ်အပြောင်းအလဲလုပ်ခဲ့ကြပေမယ့် ၈၂ မိနစ် ပီပီရဲ့ကန်ချက် တိုင်ထိသွားခဲ့တာကလွဲလို့ တခြား ထူူးထူးခြားခြား မပြောင်းလဲခဲ့ပဲတစ်ဂိုးစီသရေနဲ့ တစ်မှတ်စီခွဲယူခဲ့ရတာဖြစ်ပါတယ်။

ဒီပွဲသရေကျသွားတဲ့အတွက် အာဆင်နယ်တို့ ပဲလေ့စ်ကို ကျော်တက်နိုင်မယ့်အခွင့်အရေးကို လက်လွှတ်ခဲ့ရသလို အဆင့် ၁၀ မှာပဲ ဆက်လက်ရှိနေခဲ့တာပါ။အာတီတာအနေနဲ့ ကောင်းမွန်တဲ့ကစားပုံကို ပြသနိုင်ခဲ့ပေမယ့် ဒုတိယပိုင်းတွေမှာ ဂိုးတွေပြန်ပေးနေရတဲ့ နောက်တန်းကစားပုံနဲ့ ကံကြမ္မာ မျက်နှာသာမပေးမှုတွေကို ရလဒ်ကောင်းတွေမရရှိစေတဲ့ အဓိက အချက်လို ဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။