အဲရစ်ဆင်အား မရမက လိုက်ခေါ်နေတဲ့ ကွန်တီကို ဒဲဖဲ့လိုက်တဲ့ မော်ရင်ဟို

တော့တင်ဟမ်နည်းပြ မော်ရင်ဟိုက ကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူဖို့ အသည်းအသန် ကြိုးစားနေတဲ့ အင်တာမီလန်နည်းပြ ကွန်တီကို ဝေဖန်မှုတွေ ပြုလုပ်သွားခဲ့ပါတယ်။ မော်ရင်ဟိုနဲ့ ကွန်တီဟာ ပရီးမီးယားလိဂ်မှာ ယူနိုက်တက်နဲ့ ချဲလ်ဆီးနည်းပြတွေအဖြစ် ရှိနေစဉ်ကလည်း အချင်းချင်း ထိုးနှက်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

ကွန်တီက မော်ရင်ဟိုကို “အတုအယောင်နည်းပြ” “ကလေးစိတ်နဲ့”စသဖြင့် ဝေဖန်မှုတွေ ပြုလုပ်ခဲ့သလို မော်ရင်ဟိုကလည်း အီတလီသားကို လုပ်ပွဲဆော့တယ်ဆိုပြီ စွပ်စွဲခဲ့ပါတယ်။

ယခုနောက်ဆုံး သူတို့၂ယောက် ပြဿနာတက်ကြတာကတော့ အဲရစ်ဆင် ကိစ္စပဲဖြစ်ပြီး ကွန်တီအနေနဲ့ ရာသီကုန်မှာ အလွတ်နဲ့ ပြောင်းရွှေ့ခွင့်ရမယ့် ဒိန်းမတ်သားကို ယခုလကတည်းက ခေါ်ယူဖို့ ကြိုးပမ်းနေခဲ့တာပါ။

အဆိုပါ အဖြစ်အပျက်အပေါ် မေးမြန်းရာမှာ မော်ရင်ဟိုက “သူ အဲရစ်ဆင် အင်တာမီလန်ကို လာမယ်လို့ တထစ်ချ ယုံကြည်ပြီး Publicမှာ လိုက်ပြောနေပါတယ်။ အခြားကလပ်က ကစားသမားက ကိုယ်ကစားသမား မဖြစ်လာမချင်း သူ့အကြောင်းတွေ ပြောနေလို့ မရပါဘူး”

“ခင်ဗျားတို့ ဂတ်ဒ်ဆန် ဖာနန်ဒက်စ်အကြောင်း မေးခဲ့အခါမှာ သူမရောက်လာမချင်း ကျွန်တော် ဘာမှ မပြောပြခဲ့ပါဘူး။ ကျွန်တော်တို့က ကစားသမားတွေကို ကာကွယ်ပေးရမှာပါ။ အင်တာက ဒီအပြောင်းအရွှေ့ဖြစ်လာဖို့ ယုံကြည်မှု ရှိနေတာ သူတို့အပိုင်းပါပဲ။ ဘာလို့လဲဆိုတာ သူတို့ ခုထိ ဘာကမ်းလှမ်းမှုမှ မလုပ်ရသေးလို့ပါ”လို့ ပြောခဲ့ပါတယ်။