ဟယ်ရီကိန်းကို နောက်ရာသီအထိ ဆုံးရှုံးရမှာ မော်ရင်ဟို စိုးရိမ်နေ

စပါးနည်းပြ မော်ရင်ဟိုတစ်ယောက် အသင်းရဲ့အဓိကတိုက်စစ်မှူး ကိန်းကို လာမယ့်ရာသီသစ်အထိ ဆုံးရှုံးရမှာကို စိုးရိမ်နေပါတယ်။ ခွဲစိတ်ကုသမှုအပြီးမှာတော့ အသင်းတာဝန်ရှိသူတွေက ကိန်းရဲ့ဒဏ်ရာအခြေအနေကို အင်္ဂါနေ့က လာမယ့် ဧပြီလလောက်အထိ အနားယူရမယ်လို့ ကြေညာခဲ့တာ ဖြစ်ပါတယ်။


အင်္ဂလန်သားကတော့ စနေနေ့က တွစ်တာကနေတစ်ဆင့် “ကြံ့ခိုင်မှုပြန်လည်ပြည့်ဝဖို့ နေ့စတင်ပြီ”ဆိုတဲ့ စာသားနဲ့ တင်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြ မော်ရင်ဟိုက ကိန်းရဲ့ဒဏ်ရာအခြေအနေကို ထင်ထားတာထက် ပိုကြာမှာကို စိုးရိမ်တယ်လို့ ဒီနေ့မှာ ဝန်ခံပြောကြားလိုက်ပါတယ်။


အက်ဖ်အေဖလားပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာတော့ မော်ရင်ဟိုက “ကျွန်တော်တို့ အကောင်းဆုံးကြိုးစားခဲ့ပြီးပါပြီ။ ကိန်းရဲ့သတင်းကျွန်တော့်ကိုမေးလည်း အဖြေက ဒီအတိုင်းပဲ ထွက်လာမှာပါ။ ဧပြီလလောက်အထိပဲ နားရမယ်လို့ ထင်ပါတယ်။ ဒါပေမဲ့ မေလလည်းဖြစ်သွားနိုင်သလို နောက်ရာသီထိလည်း ဖြစ်နိုင်လောက်ပါတယ်။ ကျွန်တော်သေချာမသိပါဘူး”လို့ ပြောကြားခဲ့ပါတယ်။ အဆိုပါပြောကြားချက်ကြောင့် ကိန်းတစ်ယောက် အင်္ဂလန်နဲ့ ယူရို ၂၀၂၀ ပွဲစဉ်တွေကို လွဲချော်တော့မှာ ဖြစ်ပါတယ်။


အခြားတစ်ဖက်မှာတော့ ဝက်စ်ဟမ်းအသင်းက ခေါ်ယူဖို့ ချိတ်ဆက်ခဲ့တဲ့ ဘင်ဖီကာကွင်းလယ်လူူ ဂတ်ဆန်ဖာနန်ဒက်စ်ကို စပါးအသင်းဟာ ၁၈ လအငှားစာချုပ်နဲ့ ခေါ်ယူဖို့ နီးစပ်နေပါတယ်။ “ကျွန်တော်သတင်းတွေကို စောင့်နေပါတယ်။ ဒါပေမဲ့ ရောက် မရောက်တော့ ကျွန်တော်အတိအကျ မသိပါဘူး။ အပြောင်းအရွှေ့မှာ ဘာမဆိုဖြစ်နိုင်ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။