ရက်ရှ်ဖို့ဒ်ကို ရော်နယ်ဒို၊ ရွန်နီတို့လို ကစားသမားမျိုးဖြစ်အောင် ကူညီသွားမယ်လို့ ဘရန်ဒန်ဝီလီယံ အခိုင်အမာဆို

ယူနိုက်တက် လူငယ်လေး ဘရန်ဒန် ဝီလီယံက တိုက်စစ်မှူး မားကပ်စ် ရက်ရှ်ဖို့ဒ်ကို ဂန္တဝင်ကစားသမားတွေဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုနဲ့ ဝိန်းရွန်နီတို့လို ကစားသမားမျိုးဖြစ်အောင် ကူညီသွားမယ့်အကြောင်း ပြောကြားခဲ့ပါတယ်။ ဝီလီယံဟာ ယူနိုက်တက်ရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာတဲ့ ကစားသမားလေးဖြစ်ပြီး လက်ရှိအသင်းကြီးမှာ နေရာရလျက် ရှိနေပါယတ်။

၁၉နှစ်သားလေး ဝီလီယံက နည်းပြ ဆိုးလ်ရှားလက်ထက်မှာ ခံစစ်ပိုင်းအတွက်သာ မကပဲ တိုက်စစ်ပိုင်းကိုရော ကူညီသွားဖို့ ဆုံးဖြတ်ထားတဲ့အကြောင်း ပြောခဲ့ပါတယ်။ ဝီလီယံက “ယူနိုက်တက်မှာ ကစားရတာ ကျွန်တော့်အတွက်ရော မိသားစုအတွက်ပါ ဂုဏ်ယူစရာပါပဲ။ ကျွန်တော် ဘယ်လိုနေရာကို ရထားလဲဆိုတာ သိပေမဲ့ အသင်းအတွက် ဒီထက်ပိုမိုတဲ့ ပေးဆပ်မှုမျိုးနဲ့ ကစားချင်ပါသေးတယ်။ ကျွန်တော် ကစားတဲ့နေရာက အင်အားတော်တော်လိုပြီး ကြံ့ခိုင်မှုပိုင်းလည်း တော်တော်တောင့်တင်းဖို့ လိုပါတယ်”

“ခံစစ်ကနေ တိုက်စစ်ပြန်စရတာက တော်တော်လေး ပင်ပန်းပါတယ်။ တိုက်စစ်လိုက်ရတာက ကျွန်တော် ကစားချင်တဲ့နေရာပါပဲ။ ရှိတဲ့ အင်အားကို တိုက်စစ်ကို လိုက်ပြီး တိုက်စစ်မှူးတွေကို ကူညီပေးချင်ပါတယ်။ ရှေ့ကို ပြေးတက်ရရင် တစ်ယောက်ယောက်အတွက် ဖြတ်တင်ပေးဖို့အတွက် ဖြစ်နိုင်သလို တစ်ယောက်ယောက်ကို နေရာလွတ်တွေ ရှာဖွေပေးဖို့လည်း ဖြစ်နိုင်ပါတယ်။ “လို့ ပြောခဲ့ပါတယ်။

ငယ်စဉ်ကတည်းက ယူနိုက်တက် ပရိသတ်ဖြစ်ခဲ့တဲ့ ဝီလီယံဟာ အသင်းရဲ့ သမိုင်းကြောင်းကိုလည်း ကျေညက်လျက် ရှိနေပါတယ်။ ယခင်က ဂန္တဝင်ကစားသမားတွေ ရယူပေးခဲ့တဲ့ အောင်မြင်မှုမျိုးကို အသင်းအတွက် ပြန်လည်ရယူပေးချင်နေတယ်လို့ ဝီလီယံက ဆိုပါတယ်။

ဝီလီယံက “အိမ်ကွင်းပွဲစဉ်တွေအတွက် လက်မှတ်တွေကို ကျွန်တော်တို့ အမြဲတမ်းလိုလို ရခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော် ရွန်နီ၊ တီဗက်ဇ်နဲ့ ရော်နယ်ဒိုတို့ရဲ့ ကစားပုံတွေကို ကြည့်ပြီး ကြီးပြင်းခဲ့တာပါ။ ထိပ်တန်းအသင်းဘာလဲဆိုတာ သူတို့က ပြသနေပြီး သူတို့လို ကစားသမားမျိုးနဲ့ ကစားချင်လာစေပါတယ်။ ၂၀၀၈တုန်းက ဗိုလ်လုပွဲမှာ ကျွန်တော့်ရဲ့ ကလေးထိန်းက အိပ်ယာဝင်ဖို့ ပြောခဲ့ပေမဲ့ ကျွန်တော် ပင်နယ်တီတွေကို ကြည့်ခဲ့ပါသေးတယ်။ အဲ့ဒီပွဲဘာဖြစ်သွားလဲ လူတိုင်း သိမှာပါ”လို့ ပြောသွားခဲ့ပါတယ်။