ယူနိုက်တက်နဲ့တွေ့တိုင်းဂိုးမသွင်းနိုင်တဲ့ စံချိန်ဆိုးကို ကျော်ဖြတ်ဖို့ စိတ်အားထက်သန်နေတဲ့ ဆာလက်

လီဗာပူးတိုက်စစ်မှူး ဆာလက်က ယူနိုက်တက်ဟာ သူကို ကွဲပြားခြားနားတဲ့ နည်းလမ်းတွေကို သုံးပြီး လူကပ်ကစားခဲ့တယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။ အီဂျစ်သားဟာ နည်းပြ ကလော့ပ်ရဲ့လက်အောက်မှာ ဥရောပရဲ့ကြောက်စရာအကောင်းဆုံးတိုက်စစ်မှူးတစ်ဦး ဖြစ်လာခဲ့ပါတယ်။

Sky Sports သတင်းဌာနဲ့ အင်တာဗျုးမှာတော့ ဆာလက်က ယူနိုက်တက်ဘက်ကို ဂိုးသွင်းယူနိုင်ဖို့ သူ့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်တယ်လို့ ၀န်ခံပြောကြားလိုက်ပါတယ်။ “ယူနိုက်တက် ကျွန်တော်နဲ့တွေ့ရင် အခြားကစားသမားတွေကို အသုံးပြုတဲ့ နည်းလမ်းနဲ့ မတူညီတဲ့ နည်းလမ်းကို သုံးတယ်လို့ ကျွန်တော်ထင်ပါတယ်”လို့ ဆာလက်က ပြောကြားခဲ့ပါတယ်။
လက်ရှိပရီးမီးယားလိဂ်မှာ ဆာလက်ဂိုးမသွင်းနိုင်တဲ့အသင်း ၂ သင်းသာ ရှိနေပြီး ယူနိုက်တက်က အဆိုပါအသင်း ၂သင်းထဲက ၁ သင်း ဖြစ်နေပါတယ်။ ဒါပေမဲ့ ဆာလက်ကတော့ လာမယ့်တနင်္ဂနွေနေ့မှာ အဆိုပါစံချိန်ဆိုးကို ချိုးဖျက်သွားမယ်လို့ ဆိုလိုက်ပါတယ်။

“ကစားသမားတစ်ယောက်အနေနဲ့ ကိုယ့်ကိုကိုယ် ဖိအားတွေအများကြီးမပေးပါဘူး။ ဒါပေမဲ့ ပရိသတ်တွေကတော့ အကောင်းဆုံးပုံစံရဖို့အတွက် ဖိအားပေးပါတယ်။ ပွဲတိုင်းဆီကနေ ကျွန်တော် မကစားခင် လေ့လာသင်ယူပါတယ်။ ပြီးတော့ ကျွန်တော့်ခေါင်းထဲမှာလည်း ဂိုးဘယ်သွင်းရမလဲဆိုတာ စဉ်းစားပါတယ်။ အဲ့တာကြောင့် အခုလို သွင်းဂိုးတွေအများကြီးသွင်းနိုင်တာပါ”လို့ ဆာလက်က ပြောပါတယ်။ လက်ရှိလီဗာပူးတိုက်စစ်မှာ ဆာလက် ၊ ဖာမီနို ၊ မာနေးတို့တိုက်စစ်မှူး ၃ ယောက်ဟာ အကောင်းဆုံးခြေစွမ်းပြ ကစားနေကြတာ ဖြစ်ပါတယ်။
ဆာလက်ဟာ လီဗာပူးအသင်းကို ရိုးမားအသင်းကနေ ၂၀၁၇ ခုနှစ်က ပြောင်းရွှေ့လာခဲ့ပြီး အသင်းဖော်တွေအတွက် ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအများဆုံးပြုလုပ်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် လာမယ့် ယူနိုက်တက်နဲ့ပွဲမှာလည်း သူ့ရဲ့စံချိန်ဆိုးကို ကျော်ဖြတ်မယ်လို့ဆိုလိုက်သလို အသင်းအနိုင်ရရှိဖို့ကိုလည်း အာရုံစိုက်သွားမယ်လို့ ဆိုလိုက်ပါတယ်။ ယူနိုက်တက်ဟာ ပထမအကျော့တုန်းက လီဗာပူးအသင်းဆီကနေ သရေတစ်မှတ်ယူထားနိုင်တဲ့ တစ်သင်းတည်းသော အသင်း ဖြစ်ပါတယ်။

နည်းပြ ဆိုးလ်ရှားကိုင်တွယ်နေတဲ့ ယူနိုက်တက်ဟာ ၂၂ ပွဲကစားပြီးချိန် အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ၅ မှတ်အကွာ အဆင့် ၅ နေရာမှာ ရပ်တည်နေပြီး ထိပ်ဆုံးနေရာက လီဗာပူးနဲ့ ၂၇ မှတ်အထိ ကွာဟနေပါတယ်။