ယူနိုက်တက်အနေနဲ့ ထိပ်သီး၄သင်းထဲ ဝင်ဖို့ မျှော်လင့်ချက်ရှိသေးကြောင်း ဒန်နီရယ်ဂျိမ်းစ် ကြုံးဝါး

ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ထိပ်သီး၄သင်းထဲဝင်ဖို့ မျှော်လင့်ချက်တွေ ရှိနေပါသေးတယ်လို့ တောင်ပံကစားသမား ဒန်နီရယ်ဂျိမ်းစ်က ပြောကြားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လက်ရှိ ပွဲစဉ် ၂၁ပွဲ ကစားပြီးချိန်မှာ အဆင့်၄နေရာက ချဲလ်ဆီးနဲ့ ၅မှတ် ကွာဟလျက် ရှိနေပါတယ်။

ယခုနှစ်ဘောလုံးရာသီမှာ ရုန်းကန်နေရတဲ့ ယူနိုက်တက်ဟာ ပွဲစဥၤ ၂၁ပွဲမှာ ၈ပွဲသာ နိုင်ထားပြီး အခြေအနေဆိုးနေခဲ့ပါတယ်။ ပြီးခဲ့တဲ့ ကြားရက်မှာ အာဆင်နယ်ကို ရှုံးခဲ့ပြီးနောက် လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နောဝစ်ချ်ကို ဇန်နဝါရီ၁၁ရက် အိမ်ကွင်းမှာ ဧည့်ခံရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယနေ့ညမှာတော့ FAဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဝုဗ်အသင်းနဲ့ ပွဲကျပ်ကစားရမှာ ဖြစ်သလို ကြားရက်မှာလည်း မန်စီးတီးနဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ကစားသွားရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ယခုနှစ်ရာသီမှာ ပေါင် ၁၅သန်းနဲ့ ရောက်ရှိလာတဲ့ ဒန်နီရယ်ဂျိမ်းစ်ကတော့ ယူနိုက်တက်ဟာ အဆင့်၄နေရာအတွက် စိန်ခေါ်နိုင်သေးကြောင်း ပြောကြားခဲ့ပါတယ်။

ဂျိမ်းစ်က “ကျွန်တော် ဆုဖလားတွေ ဆွတ်ခူးချင်ပါတယ်။ ကျွန်တော်တို့ လိဂ်ဖလား၊ FAဖလားနဲ့ ပရီးမီးယားလိဂ်မှာ ရလဒ်ကောင်းဖို့အတွက် နိုင်ပွဲတွေ ဆက်နေဖို့ လိုပါတယ်။ ကျွန်တော်တို့ ထိပ်သီး၄သင်းထဲ ဝင်ရောက်ချင်ပြီး တကယ်လည်း လုပ်နိုင်မယ်လို့ ယုံကြည်ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဒန်ရီရယ်ဂျိမ်းစ်ဟာ ဗုဒ္ဒဟူးနေ့က အာဆင်နယ်နဲ့ ပွဲစဉ်မှာ ပါဝင်ခဲ့သလို ယနေ့ည ဝုဗ်နဲ့ပွဲစဉ်မှာလည်း ပါဝင်လာဖို့ ရှိနေပါတယ်။ ဝုဗ်အသင်းဟာ ယမန်နှစ်ကလည်း FAဖလားကနေ ယူနိုက်တက်ကို ဖယ်ရှားခဲ့တာကြောင့် ယနေ့ညပွဲကတော့ ခက်ခက်ခဲခဲ ယှဉ်ပြိုင်ရဖွယ် ရှိနေပါတယ်။