ယူနိုက်တက်မှာ သူ ကစားချင်ဆုံး နေရာကို ပြောပြလိုက်တဲ့ ပါရဲရား

ယူနိုက်တက် ကွင်းလယ်လူ အန်ဒရက်စ် ပါရဲရားဟာ အသင်းမှာ သူ ကစားချင်ဆုံးနေရာက နံပါတ် ၁၀နေရာဖြစ်တယ်လို့ နောဝစ်ချ်နဲ့ ပွဲအပြီးမှာ ပြောကြားခဲ့ပါတယ်။ ပါရဲရားဟာ တောင်ပံ၊ ကွင်းလယ်ခံစစ်၊ နံပါတ် ၁၀နေရာမှာ ကစားနေပေမဲ့ သူ ကစားချင်တဲ့နေရာကို ပြောပြသွားခဲ့တာ ဖြစ်ပါတယ်။

နောဝစ်ချ်ကို အနိုင်ရတဲ့ပွဲစဉ်မှာ ပါရဲရားတစ်ယောက် နံပါတ်၁၀ နေရာမှာ အကောင်းဆုံး ကစားသွားနိုင်ခဲ့ပြီး ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့ပါတယ်။

ပါရဲရားက “ကျွန်တော် ကစားချင်ဆုံးနေရာက နံပါတ်၁၀နေရာပါ။ ကျွန်တော် တောင်ပံ၂ဖက်စလုံးမှာ ကစားနိုင်ပေမဲ့ ကွင်းလယ် တိုက်စစ်နေရာမှာ ကစားတာ ပိုသက်သောင့်သက်သာ ရှိပါတယ်။ နည်းပြကလည်း ဒါကို သိပါတယ်။ ဒါပေမဲ့ အသင်ကို ကူညီဖို့အတွက် အခြားနေရာမှာ ကစားရမယ်ဆိုရင်လည်း ကစားသွားမှာပါ။ ကျွန်တော့်ကို ပရိသတ်တွေက ယုံကြည်မှုထားပေးကြလို့ ဝမ်းသာမိပါတယ်။ ကျွန်တော် ဒီထက်ပိုပြီး ပွဲတွေမှာ ပါနိုင်အောင် ကြိုးစားသွားမှာပါ”လို့ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားကလည်း နံပါတ်၁၀နေရာမှာ ကစားခဲ့တဲ့ ပါရဲရားရဲ့ ခြေစွမ်းကို သဘောကျမိကြောင်း ပြောကြားခဲ့ပါတယ်။ ဆိုးလ်ရှားက “ပါရဲရားက ကျွန်တော်တို့ကို အစပိုင်းကောင်းအောင် ကူညီပေးခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

ဆိုးလ်ရှားနဲ့ ပတ်သက်ပြီး ပါရဲရားက “ဆိုးလ်ရှားက ကျွန်တော့်အတွက် ကြီးမားပါတယ်။ ကျွန်တော့်ကို သူ ပွဲထွက်ခွင့်တွေ အများကြီးပေးခဲ့ပါတယ်။ ကျွန်တော်သာ ဒီထက် တိုးတက်လာမယ်ဆိုရင် ပွဲထွက်ခွင့်ပိုရမယ်လို့ ကျွန်တော့်ကို ပြောခဲ့ပါတယ်”လို့ ပြန်ပြောပြခဲ့ပါတယ်။