မက်ဒီဆင်နဲ့ပတ်သတ်ပြီး ယူနိုက်တက်ပြုလုပ်ခဲ့တဲ့ ကြီးမားတဲ့အမှားကို ထောက်ပြလိုက်တဲ့ ပေါလ်ပါကား

ယူနိုက်တက်ကစားသမားဟောင်း ပေါလ်ပါကားကတော့ သူ့ရဲ့အသင်းဟာ ကွင်းလယ်ကစားသမား မက်ဒီဆင်ကို နောဝစ်ချ်မှာတုန်းက ခေါ်ယူခွင့်ရခဲ့ပေမယ့် မခေါ်ခဲ့တာက အခုချိန်မှာ ခက်ခဲစေတယ်လို့ ဆိုလိုက်ပါတယ်။ နည်းပြ ဆိုးလ်ရှားက အသင်းရဲ့ကွင်းလယ်ပိုင်းအတွက် မက်ဒီဆင်ကို အဓိကပစ်မှတ်သတ်မှတ်ထားပြီး အက်စတွန်ဗီလာကွင်းလယ်လူ ဂရီးလစ်ချ် နဲ့ အေဂျက်စ်ကွင်းလယ်လူ ဗန်ဒီဘိချ်တို့ကိုလည်း ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။


လက်စတာစတားဟာ ငယ်စဉ်ကတည်းက ယူနိုက်တက်ပရိသတ်တစ်ဦးဖြစ်ပြီး ဒီရာသီ လက်စတာအတွက် ၆ ဂိုးသွင်း ၃ ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နည်းပြ ဘရန်ဒန်ရော်ဂျာကတော့ ထိပ်ဆုံး ၄ သင်းနေရာအတွက် ပစ်မှတ်ထားနေတာကြောင့် အသင်းရဲ့အဓိကကွင်းလယ်လူကို ရောင်းချဖို့ အလိုမရှိဘူးလို့ ဆိုပါတယ်။


ပါကားက ယူနိုက်တက်ဟာ ကွင်းလယ်ကစားသမား မက်ဒီဆင်တစ်ယောက် ချန်ပီယံရှစ်မှာ ရှိစဉ်ကတည်းက ခေါ်ယူခဲ့သင့်ပေမယ့် မခေါ်ယူခဲ့တာက လက်ရှိ အင်္ဂလန်သားအတွက် ပေါင် ၁၂၀ သန်းအထိ ပေးချေရဖို့ ဖြစ်လာတယ်လို့ ဆိုပါတယ်။ “မက်ဒီဆင်က တကယ်ကောင်းတဲ့ကစားသမားပါ။ ဒါပေမဲ့ ယူနိုက်တက်က သူ့ကို နောဝစ်ချ်မှာတုန်းက ကျော်သွားခဲ့ပါတယ်”လို့ ပါကားက ပြောပါတယ်။“အခုသူ့ကိုလိုချင်ရင် ပေါင် ၁၂၀ သန်းကျော်ပေးရပါတော့မယ်။ အိုလီက ခေါ်ယူချင်တယ်ပဲထားပါ။ ကျွန်တော့်အမြင်အရဆို ကစားသမား ယူနိုက်တက်ကို လာပါ့မလား။ ပြီးတော့ လက်စတာကကော ရောင်းပါ့မလား။ ကျွန်တော်ကတော့ မထင်မိပါဘူး”လို့ ပါကားက ပြောပါတယ်။


ယူနိုက်တက်တိုက်စစ်မှူးဟောင်း ရစ်ချီကလည်း မက်ဒီဆင်ရဲ့အပြောင်းအရွှေ့အပေါ် သံသယဖြစ်မိတယ်လို့ ဆိုပါတယ်။ “မက်ဒီဆင်က ယူနိုက်တက်ပရိသတ်တစ်ဦးပါ။ ဒါနဲ့ပဲ ယူနိုက်တက်ကို လာမယ်လို့ မထင်ပါဘူး။ လက်စတာကလည်း ဇန်နဝါရီမှာ မရောင်းလောက်ပါဘူး။ ဇန်နဝါရီထက် နွေရာသီက ပိုဖြစ်နိုင်ချေရှိပါတယ်”လို့ ရစ်ချီက ပြောကြားခဲ့ပါတယ်။