ဖီးလ်ဂျုံးစ်ပါရင် ယူနိုက်တက်ဟာ ရလဒ် ပိုကောင်းတယ်လို့ အချက်အလက်တွေက ဖော်ပြနေ

မန်ချက်စတာယူနိုက်တက်အသင်းဟာ နောက်ခံလူ ဖီးလ်ဂျုံးစ်တစ်ယောက် စီးတီးနဲ့ပွဲမှာ ခြေစွမ်းကျဆင်းခဲ့ပေမယ့် သူပါရင် အသင်းရလဒ်ပိုင်းဟာ ပိုကောင်းနေတယ်လို့ အချက်အလက်တွေက ဖော်ပြနေပါတယ်။ အင်္ဂါနေ့ကကစားခဲ့တဲ့ ကာရာဘောင်ဖလား ပထမအကျော့ပွဲစဉ်မှာ စီးတီးကို ၃-၁ ဂိုးနဲ့ အရေးနိမ့်ပြီးနောက် ယူနိုက်တက်ပရိသတ်တွေဟာ အသက် ၂၇ နှစ်ကို ဝေဖန်ခဲ့ကြတာ ဖြစ်ပါတယ်။


ဘလက်ဘန်းနောက်ခံလူဟောင်းကို ပရိသတ်တွေက အလွန်တရာဆိုးဝါးတဲ့သူလို့ ခေါ်ခဲ့ကြသလို ကစားသမားဘဝကနေ အနားယူဖို့လည်း တိုက်တွန်းခဲ့ကြပါတယ်။ ဒါပေမဲ့ ပြီးခဲ့တဲ့ရာသီအစက အချက်အလက်တွေအရ ယူနိုက်တက်ဟာ နောက်ခံလူ ဂျုံးစ်ပါရင် အနိုင်ရရှိမှုနှုန်း ပိုကောင်းနေခဲ့တာ ဖြစ်ပါတယ်။
၁၈ လအတွင်း ယူနိုက်တက်ဟာ ၈၅ ပွဲအထိ ကစားခဲ့ပြီး အဆိုပါ ၈၅ ပွဲမှာ ပွဲ ၃၀ ကို ဂျုံးစ်က ပါဝင်ကစားခဲ့ပါတယ်။ အံ့အားသင့်ဖွယ်ကောင်းလောက်အောင်ပဲ ယူနိုက်တက်ဟာ ဂျုံးစ်ပါရင် ၅၇ % အထိ အနိုင်ရရှိခဲ့ပြီး ၇ ပွဲသာ အရေးနိမ့်ခဲ့ပါတယ်။နောက်ခံလူ ဂျုံးစ်မပါတဲ့ ယူနိုက်တက်ဟာ ၅၅ ပွဲမှာ ၄၂ % ပဲ အနိုင်ရရှိခဲ့သလို ၁၇ ပွဲအထိ အရေးနိမ့်ခဲ့ပါတယ်။ အင်္ဂလန်သားကို နည်းပြကြီး ဖာဂူဆန်က ၂၀၁၁ ခုနှစ်က ဘလက်ဘန်းအသင်းကနေ ပေါင် ၁၇ သန်းနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။
အဲ့နောက် ၂ နှစ်အကြာမှာတော့ ဖာဂီက ဖီးလ်ဂျုံးစ်ဟာ အနာဂတ်မှာ ကလပ်အသင်းရဲ့ဂန္တဝင်ဖြစ်လာမယ့်သူလို့ ချီးကျူးခဲ့ပါတယ်။

“ဂျုံးစ်ဟာ အကောင်းဆုံးကစားသမားတွေထဲက တစ်ဦးပါ။ အသက် ၂၁ အရွယ်နဲ့ မလိုက်အောင် ကောင်းပါတယ်။ ကွင်းထဲက ဘယ်နေရာမှာမဆို သူကစားနိုင်တယ်”လို့ ဖာဂူဆန်က ချီးကျူးပြောကြားခဲ့ပါတယ်။
နောက်ခံလူ ဖီးလ်ဂျုံးစ်ဟာ လက်ရှိယူနိုက်တက်နဲ့အတူ ၉ ရာသီမြောက်ကို ဖြတ်သန်းနေပြီး လိဂ်ပွဲ ၁၆၄ ပွဲအထိ ကစားခဲ့ကာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။ ဖီးလ်ဂျုံးစ်ဟာ ယူနိုက်တက်နဲ့ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက သက်တမ်းတိုးစာချုပ်ချုပ်ဆိုထားပြီး အသင်းနဲ့ ၂၀၂၃ ခုနှစ်အထိ စာချုပ်သက်တမ်းကျန်ရှိနေပါတယ်