ပေါ့ဂ်ဘာရဲ့ အပြောင်းအရွှေ့အတွက် ရာဘီယော့ကို အလိုက်ပေးကမ်းလှမ်းသွားဖို့ ဂျူဗင်တပ်စ် စီစဉ်နေ


ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက်ကွင်းလယ်လူ ပေါ့ဂ်ဘာအတွက် ရာဘီယော့ကို အလိုက်ပေးကမ်းလှမ်းသွားမယ်လို့ သိရပါတယ်။ ဂျူဗင်တပ်စ်ဟာ ယူနိုက်တက်နဲ့ ဆက်ဆံရေး ပြိုကွဲနေတဲ့ ပြင်သစ်သားကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်လျက် ရှိနေပါတယ်။

ပေါ့ဂ်ဘာကို ခေါ်ယူဖို့အတွက်တော့ ဂျူဗင်တပ်စ်တို့ ရာသီကုန်အထိ စောင့်ဆိုင်းရဖွယ် ရှိနေပါတယ်။ ဒါပေမဲ့ The Sunရဲ့ ဖော်ပြချက်အရ ဇန်နဝါရီအတွင်းမှာသာ ခေါ်ယူမယ်ဆိုရင် ပေါင် ၈၅သန်းနဲ့ ပေါ့ဂ်ဘာကို ခေါ်ယူနိုင်မယ်လို့ သိရပါတယ်။

ရာဘီယော့ဟာ ဂျူဗင်တပ်စ်မှာ အထိုင်ကျဖို့ ရုန်းကန်နေရပြီး ပွဲထွက်ခွင့် အနည်းငယ်သာ ရရှိထားပါတယ်။ ယမန်နှစ် ပီအက်စ်ဂျီက ထွက်ခွာစဉ်မှာ ယူနိုက်တက်တို့ ရာဘီယော့ကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့သေးပေမဲ့ ပြင်သစ်သားက တူရင်ကိုသာ ရွေးချယ်သွားခဲ့ပါတယ်။

ရာဘီယော့ဟာ ပေါင် ၂၅သန်း တန်ကြေးရှိတာကြောင့် ဂျူဗင်တပ်စ်အနေနဲ့ ယူနိုက်တက် ကွင်းလယ်လူအတွက် ပေါင် သန်း၆၀လောက်သာ အသုံးပြုရဖွယ် ရှိနေပါတယ်။

ပေါ့ဂ်ဘာဟာ ယမန်နှစ်က အသင်းက ထွက်ခွာချင်ကြောင်း ဝန်ခံထားခဲ့ပေမဲ့ နည်းပြ ဆိုးလ်ရှားကတော့ ထောက်ခံမှု အပြည့်ပေးထားခဲ့ပါတယ်။ ဒါပေမဲ့ ယခုနှစ် ဘောလုံးရာသီမှာ ခြေသလုံးဒဏ်ရာကြောင့် ၃လအတွင်း ၂ပွဲသာ ကစားခဲ့တာက ဆိုးလ်ရှားရဲ့ သည်းခံစိတ်ကို စမ်းသပ်သလို ဖြစ်နေခဲ့ပါတယ်။

ဒဏ်ရာရနေတယ်ဆိုပေမဲ့ ပေါ့ဂ်ဘာတစ်ယောက် ဘက်စ်ကတ်ဘောတွေ ကစားနေခဲ့သလို ကနေတဲ့ ဗီဒီယိုတွေကိုလည်း လူမှုကွန်ရက်ပေါ် တင်ခဲ့ပါတယ်။ ပေါ့ဂ်ဘာဟာ ယူနိုက်တက်နဲ့ ၁နှစ်စာချုပ်သာ ကျန်ရှိတော့ပြီး အသင်းကလည်း ၂၀၂၁အထိ ဆက်ထိန်းထားဖို့ ဆုံးဖြတ်ထားခဲ့ပါတယ်။