နွေရာသီမှာ ပေါင် ၁၃၀ သန်းအထိအသုံးပြုပြီးနောက် ဇန်နဝါရီမှာ ပေါချောင်ကောင်းရှာနေတဲ့ အာဆင်နယ်

အာဆင်နယ်အသင်းဟာ လာမယ့်အပတ်ထဲမှာပဲ အသင်းရဲ့လူအင်အားကို ဖြည့်တင်းဖို့ စီစဉ်နေပြီး ဇန်နဝါရီအပြောင်းအရွှေ့ကာလမှာ အငှားနဲ့သာ ခေါ်ယူသွားဖွယ်ရှိနေပါတယ်။ ပြီးခဲ့တဲ့နှစ်ငွေကြေးအခက်အခဲကြောင့် နည်းပြဟောင်း အမ်မရီကိုယ်တိုင်က အသင်းဟာ ဆောင်းရာသီအပြောင်းအရွှေ့မှာ အပြီးသတ်ခေါ်ယူဖို့ မဖြစ်နိုင်ကြောင်း ဝန်ခံခဲ့ပါတယ်။


အဆိုပါပြောကြားချက်ကြောင့်ပဲ ၂၀၁၈ -၁၉ ရာသီဝက်မှာ ဘာစီလိုနာကွင်းလယ်လူ ဒင်းနစ်ဆွာရက်ဇ်ကို အငှားနဲ့ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာလည်းနည်းပြ အာတီတာက လူအင်အားဖြည့်တင်းဖို့ စီစဉ်ထားပေမယ့် အပြီးသတ်ခေါ်ယူဖို့တော့ မဖြစ်နိုင်တဲ့အနေအထားမှာ ရှိနေပါတယ်။


ပြီးခဲ့တဲ့ နွေရာသီ ပေါင် ၁၃၀ သန်းကျော်အသုံးပြုထားခဲ့တာက အာဆင်နယ်ကို ငွေကြေးသုံးစွဲဖို့ ခက်ခဲစေသလို ချန်ပီယံလိဂ်ဝင်ခွင့်မရခဲ့တာကလည်း ငွေကြေးလည်ပတ်ဖို့အတွက် ခက်ခဲစေခဲ့ပါတယ်။ Goal သတင်းဌာနကလည်း အာဆင်နယ်အသင်းဟာ လက်ရှိဇန်နဝါရီမှာ အပြီးသတ်ခေါ်ယူမှု မပြုလုပ်နိုင်ကြောင်းလည်း ဖော်ပြခဲ့ပါတယ်။


အာဆင်နယ်ဟာ အခုလာမယ့်အပြောင်းအရွှေ့မှာ အငှားကစားသမား ၁ ဦး ၂ ဦးလောက်သာ ခေါ်ယူသွားဖွယ်ရှိနေပြီး ၂၀၂၀ – ၂၁ ရာသီမစခင်မှသာ ငွေကြေးသုံးစွဲသွားဖွယ်ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ချဲလ်ဆီးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ခံလူ ချမ်ဘာဒဏ်ရာရရှိခဲ့တာကြောင့် နောက်ခံလူတစ်ဦး အပူတပြင်းလိုအပ်လာတာ ဖြစ်ပါတယ်။


အာဆင်နယ်အသင်းဟာ နောက်တန်းနေရာမှာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ညာနောက်ခံလူ ဘယ်လာရင် ၊ ဘယ်နောက်ခံလူ တီယာနေးလ်တို့လည်း ဒဏ်ရာအသီးသီးရရှိနေတာကြောင့် အခက်တွေ့နေပါတယ်။ ဒါကြောင့် အာတီတာဟာ ဂျူဗင်တပ်စ်နောက်ခံလူ ဒီမီရယ်ကို အငှားနဲ့ခေါ်ယူဖို့ ပစ်မှတ်ထားနေပေမယ့် ဂျူဗင်ကတော့ အငှားလွှတ်ဖို့ အလိုမရှိတာ ဖြစ်ပါတယ်။

လိဒ်ယူနိုက်တက်ကို ၁-၀ ဂိုးနဲ့ အနိုင်ရရှိပြီး သတင်းထောက်တွေက အာတီတာကို မေးမြန်းရာမှာတော့ “ကျွန်တော်အပြောင်းအရွှေ့သတင်းတွေအတွက် မပြောချင်ပါဘူး။ ကလပ်ကလည်း အလုပ်လုပ်နေပါတယ်။ တစ်ခုခုထူးခြားရင် ကျွန်တော့်ကို အသိပေးမှာပါ”လို့ ပြောကြားခဲ့ပါတယ်။