တိုက်စစ်မှူးတွေရဲ့ အနာဂတ် မရေရာမှုကြောင့် ဇန်နဝါရီမှာ အဓိက ပစ်မှတ်၁ဦးကို ချဲလ်ဆီး လက်လွှတ်ရဖွယ် ရှိနေ

ချဲလ်ဆီးအသင်းဟာ လက်ရှိ တိုက်စစ်ပိုင်း အခြေအနေကြောင့် ဇန်နဝါရီမှာ တိုက်စစ်မှူး ခေါ်ယူဖို့ကိုသာ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားပြီး ဒေါ့မွန် တောင်ပံကစားသမား ဆန်ချိုကို စိတ်ဝင်စားမှု လျော့ကျသွားခဲ့တယ်လို့ သိရပါတယ်။ ချဲလ်ဆီးအသင်းဟာ ဆန်ချိုရဲ့ ပြောင်းရွှေ့ကြေးပမာဏကို ဒေါ့မွန်အသင်းထံ မေးမြန်းခဲ့ပြီး ပေါင် သန်း၁၂၀ ကုန်ကျနိုင်မယ်လို့ သိရှိခဲ့ပါတယ်။

ဒါပေမဲ့ နည်းပြ လမ်းပတ်ကတော့ လက်ရှိလူစာရင်းမှာ တောင်ပံကစားသမားတွေ အများအပြား ရှိနေတယ်လို့ ယုံကြည်ထားပြီး တိုက်စစ်မှူးကိုသာ အားစဖြည့်ဖို့ စီစဉ်ထားခဲ့ပါတယ်။ လက်ရှိ တိုက်စစ်မှာ အားကိုးစရာအဖြစ် အသင်းရဲ့ ထပ်တန်းဂိုးသွင်းရှင် အေဘရာဟမ် ၁ဦးသာ ရှိနေခဲ့တာကြောင့် ဇန်နဝါရီလအတွင်းမှာ တာဝန်လွှဲပြောင်းရယူနိုင်မဲ့ တိုက်စစ်မှူးသစ်၁ဦးကို ရှာဖွေနေခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီလအတွင်းမှာသာ ဒေါ့မွန်တို့ ဆန်ချိုကို ရောင်းချဖို့ ဆုံးဖြတ်ခဲ့ရင်တော့ ချဲလ်ဆီးအသင်းအနေနဲ့ အလျင်အမြန် လှုပ်ရှားလာဖွယ် ရှိနေပေမဲ့ ယခုအချိန်မှာတော့ နွေရာသီကိုသာ စောင့်ဆိုင်းသွားဖို့ ရှိနေပါတယ်။

တိုက်စစ်မှူး ဂျီရုးဟာ အသင်းကနေ လုံးလုံးလျားလျား ချန်လှပ်ခံထားရသလို လက်ရှိမှာတော့ အရန်တိုက်စစ်မှူးအဖြစ် ဘက်ရူအာယီ၁ဦးသာ ကျန်ရှိနေတာ ဖြစ်ပါတယ်။ ရရှိလာတဲ့ အခွင့်အရေး အများစုကိုလည်း တိုက်စစ်ကစားသမားတွေက ဖြုန်းတီးနေတယ်လို့ လမ်းပတ်က သတိထားမိနေပြီး အဆုံးသတ်ပိုင်းကောင်းမွန်တဲ့ ကစားသမား ၁ဦးကို အလိုရှိနေခဲ့တာပါ။

ချဲလ်ဆီးကင်းထောက်တွေဟာ လိုက်ပ်ဇစ်တိုက်စစ်မှူး တီမို ဝါနာရဲ့ ခြေစွမ်းကို ၁ရာသီလုံး စောင့်ကြည့်ထားပေမဲ့ ဂျာမန်အသင်းကတော့ ယခုအချိန်မှာ ရောင်းချလိုခြင်း မရှိပါဘူး။ အလားတူ လိုင်ယွန်တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကိုလည်း ဂျီရူးကို အလိုက်ပေးကာ ကမ်းလှမ်းသွားဖွယ် ရှိနေပါတယ်။