ကွင်းလယ်လူတွေ ဒဏ်ရာရနေတဲ့အတွက် မာတစ်ကို စာချုပ်သစ်ကမ်းလှမ်းတော့မယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ ဒဏ်ရာ ကစားသမားတွေ များပြားနေတဲ့ ကွင်းလယ်ပိုင်းအတွက် ဝါရင့်ကစားသမား မာတစ်ကို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။ ၃၁နှစ်အရွယ် မာတစ်ဟာ ရာသီကုန်မှာ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပြီး ယခုလအတွင်း အင်္ဂလန် ပြင်ပက အသင်းတွေနဲ့ ဆွေးနွေးခွင့် ရှိနေခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယခုလအတွင်းမှာပဲ ပြောင်းရွှေ့ကြေး အနည်းငယ်နဲ့ ဆားဘီးယားသားကို ရောင်းချဖို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမဲ့ ကွင်းလယ်ပိုင်းမှာ ဒဏ်ရာရ ကစားသမားတွေ များနေတဲ့အတွက် နည်းပြ ဆိုးလ်ရှားအနေနဲ့ အခက်အခဲ ကြုံနေရပြီး မာတစ်ကို မဖြစ်မနေ ရေတို စာချုပ်သက်တမ်းတိုးဖို့ စီစဉ်လာခဲ့ရပါတယ်။

ပေါ့ဂ်ဘာဟာ ခြေကျင်းဝတ် ဒဏ်ရာကြောင့် လအနည်းငယ် အနားယူရမှာ ဖြစ်သလို တော်မီနေးကလည်း ဒဏ်ရာကြောင့် ၂လလောက် နားရနိုင်လို့ ယူနိုက်တက်အတွက် ကွင်းလယ်မှာ ရွေးချယ်စရာ မရှိတော့တာ ဖြစ်ပါတယ်။

ဒါကြောင့် ယခုအပတ် အစောပိုင်းမှာ မာတစ်ရဲ့ ကိုယ်စားလှယ်တွေနဲ့ ယူနိုက်တက် တာဝန်ရှိသူတွေ စာချုပ်သစ် ကိစ္စကို ဆွေးနွေးသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်ဟာ မာတစ်ကို ရာသီကုန်မှာ အလွတ်နဲ့ လက်မလွှတ်ချင်တာကြောင့် ၁နှစ်စာချုပ်နဲ့ ကမ်းလှမ်းသွားဖို့ ရှိနေပါတယ်။

စာချုပ်သစ်ကြောင့် မာတစ် တစ်ယောက် ၂၀၂၁ ရာသီကုန်အထိ အသင်းမှာ ဆက်ရှိနိုင်မှာ ဖြစ်ပေမဲ့ ယခုနှစ် ရာသီကုန်မှာပဲ ပေါင် ၁၅သန်းလောက်နဲ့ ရောင်းချသွားနိုင်ပါတယ်။ ယူနိုက်တက်မှာ တစ်ပတ်လုပ်ခ ပေါင် ၁၅၀၀၀၀ ရရှိနေတဲ့ မာတစ်ကို အင်တာမီလန်အသင်းနဲ့ မေဂျာလိဂ်ကလပ် ချီကာဂို ဖိုင်းယားအသင်းတွေက ခေါ်ယူဖို့ ချိတ်ဆက်နေခဲ့ပါတယ်။