ဘိုင်ယန်ထက် မန်ယူကိုသာရွေးချယ်သင့်တယ်လို့ အယ်လီဂရီကို ကာပယ်လိုတိုက်တွန်း

PC ; Internet

ဘိုင်ယန်မြူးနစ်နည်းပြလောင်းစာရင်းမှာပါဝင်နေတဲ့ အယ်လီဂရီဟာ ဂျာမန်ထိပ်သီးကလပ်နဲ့သင့်တော်သူဖြစ်ပေမယ့် မန်ယူကိုသာကိုင်တွယ်ဖို့ဆုံးဖြတ်သင့်တယ်လို့ အီတလီသားဝါရင့်နည်းပြကြီးကာပယ်လိုက တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။ ဘိုင်ယန်နည်းပြကိုဗက် ထုတ်ပယ်ခံရပြီးတဲ့နောက် လစ်လပ်နေတဲ့ရာထူးက နည်းပြတိုင်းအတွက်မက်စရာဖြစ်နေပေမယ့် အယ်လီဂရီအနေနဲ့ မန်ယူနည်းပြရာထူးအတွက်သာ စောင့်ဆိုင်းသင့်တယ်လို့ ကာပယ်လိုကဆိုလိုက်တာပါ။

PC ; Internet

ဂျူဗင်တပ်အသင်းနဲ့အတူ စကူဒက်တိုဖလား ၅နှစ်ဆက်ရယူနိုင်ခဲ့တဲ့ အယ်လီဂရီအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲက ပိုပြီးစိတ်လှုပ်ရှားစရာဖြစ်လိမ့်မယ်လို့လည်း ကာပယ်လိုကယူဆနေပါတယ်။ ကာပယ်လိုဟာ အီတလီလူမျိုးတွေထဲမှာ အောင်မြင်မှုအရှိဆုံးနည်းပြအဖြစ် ရပ်တည်နေသူဖြစ်ပြီး စကူဒက်တိုဖလားကို အေစီမီလန်နဲ့အတူ ၄ကြိမ်၊ ရိုးမားနဲ့တစ်ကြိမ်၊ ဂျူဗင်တပ်အသင်းနဲ့အတူ ၂ကြိမ်တိုင်ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။

PC ; Internet

အယ်လီဂရီအနေနဲ့ ဘိုင်ယန်ရဲ့ကမ်းလှမ်းမှုကို လက်ခံနိုင်တဲ့အနေအထားမှာရှိနေပေမယ့် ကာပယ်လိုက “သူဟာဘိုင်ယန်မြူးနစ်အတွက် သင့်တော်သူဖြစ်နိုင်ပါတယ်။ အန်ဆလော့တီနောက်ပိုင်း အီတာလီယာတွေကို ဂျာမနီမှာမြင်ရမလားဆိုတာကိုတော့ ကျွန်တော်မပြောတတ်ပါဘူး။ အင်္ဂလန်မှာအကောင်းဆုံးလုပ်ပြနိုင်မယ်ဆိုရင်တော့ ပိုပြီးစိတ်လှုပ်ရှားစရာကောင်းမှာပါ။ ပရီးမီးယားလိဂ်လိုပြိုင်ပွဲက ပိုပြီးအတွေ့အကြုံတိုးစေမှာပါ။ တကယ်လို့ကျွန်တော်သာ အယ်လီဂရီဆိုရင် မန်ယူကိုသွားမှာပါ” လို့ပြောဆိုသွားခဲ့ပါတယ်။

မန်ယူနည်းပြဆိုးလ်ရှားဟာ ပါတီဇန်၊ နောဝှစ်ချ်၊ ချဲလ်ဆီးတို့နဲ့ကစားခဲ့တဲ့ပြိုင်ပွဲစုံ ၃ပွဲဆက်မှာ ရလဒ်ကောင်းခဲ့ပြီးနောက် ဖိအားအနည်းငယ်လျော့သွားပေမယ့် နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဘုန်းမောက်ကိုရှုံးခဲ့ပြီးတဲ့နောက် အနာဂါတ်မရေမရာဖြစ်နေရပြန်ပါတယ်။