ဆွီဒင်အကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်ရခဲ့တဲ့ မန်ယူနောက်ခံလူလင်ဒီလော့ဖ်

photo-gettyimages

photo-social media

နိုင်ငံအသင်းအတွက် ခြေစွမ်းပြကစားပေးနိုင်ခဲ့ပြီးနောက် မန်ယူနောက်ခံလူလင်ဒီလော့ဖ်ဟာ ဆွီဒင်အကောင်းဆုံးကစားသမားဆုကို ၂ နှစ်ဆက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဆွီဒင်ကို လာမယ့်နှစ်ယူရိုပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရဖို့ အနီးစပ်ဆုံးဖြစ်အောင် ကူညီပေးနိုင်ခဲ့ပြီးတဲ့နောက် ၂၅ နှစ်အရွယ် လင်ဒီလော့ဖ်ဟာ အဲဒီဆုကို ဒီနှစ်မှာလည်း ဆက်ထိန်းနိုင်ခဲ့တာပါ။ ဆွီဒင်ဟာ ယူရိုခြေစစ်ပွဲအုပ်စု F မှာ ဒုတိယနေရာက ရပ်တည်နေပြီး တကယ်လို့ တိုက်ရိုက်ခြေစစ်ပွဲအောင်နိုင်မယ့် ထိပ်ဆုံး ၂ နေရာအတွင်း ရပ်တည်နိုင်ခြင်းမရှိရင်လည်း သူတို့ဟာ play-offs သေချာပြီးသား ဖြစ်နေတာပါ။

photo-gettyimages

အဲဒီဘင်ဖီကာကစားသမားဟောင်းဟာ အီဘရာဟီမိုဗစ်ရဲ့စိုးမိုးမှုကာလအပြီးမှာ ဆွီဒင်အကောင်းဆုံးကစားသမားဆုကိုရတဲ့ ဒုတိယမြောက်ကစားသမားလည်း ဖြစ်ပါတယ်။ မန်ယူတိုက်စစ်မှုးဟောင်းမိုဗစ်ဟာ အဲဒီဆုကို ၂၀၀၇ ကနေ ၂၀၁၆ အထိ ၁၀ နှစ်ဆက်ရခဲ့တာဖြစ်ပြီး ၂၀၁၈ နဲ့ အခု ၂၀၁၉ တို့မှာ လင်ဒီလော့ဖ်မရခင် ၂၀၁၇ တုန်းက ဂရန်ဗစ် ရခဲ့ပါသေးတယ်။ လင်ဒီလော့ဖ်ဟာ နိုင်ငံမှာရော ကလပ်မှာပါ ပထမဦးစားပေးကစားသမားဖြစ်နေတာပါ။

photo-gettyimages

အဲဒီဆုကိုရပြီးတဲ့နောက် လင်ဒီလော့ဖ်က”ဒီဆုကို ၂ နှစ်ဆက်ရလို့ ကျွန်တော်ဂုဏ်ယူရသလို ကျေးဇူးလည်းတင်ပါတယ်။ ဒါက ဘာအဓိပ္ပါယ်လည်းဆိုတော့ ကျွန်တော် ကောင်းတာတစ်ခုခုလုပ်နိုင်ခဲ့ပြီး လူတွေကလည်း အဲဒါကို ကြိုက်တယ်ဆိုတာပါ။ အဲဒါဟာ ရှင်းပြဖို့ခက်ပါတယ်။ ကျွန်တော်အရမ်းပျော်ပြီး ဂုဏ်ယူနေတာပါ။ အခုဆို ပိုပြီးတော့တောင် ကျွန်တော်ကြိုးစားရတော့မယ်။ ကျွန်တော့်ကစားသမားဘဝက နှစ်တွေအများကြီးကျန်နေသေးတာဆိုတော့ ဒီထက်ပိုပြီး အမိမြေအတွက် လုပ်ပေးနိုင်ဖွယ်ရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။

[Zawgyi]



