သမုိင္း၀င္ ပထမဆံုးမန္ခ်က္စတာဒါဘီမွာ အရႈံးနဲ႔ရင္ဆုိင္ခဲ့ရတဲ့ မန္ယူအမ်ဳိးသမီးအသင္း

Photo Credit: Mirror
Photo Credit: Mirror

စေနညကက်င္းပခဲ့တဲ့ မန္ခ်က္စတာဒါဘီ အမ်ဳိးသမီးအသင္းႏွစ္သင္းရဲ႕ ပထမဆံုးအႀကိမ္ေတြ႕ဆံုမႈမွာ မန္စီးတီးက မန္ယူကို 1-0 နဲ႔အႏုိင္ရၿပီး သူတုိ႔ႏွစ္သင္းအၾကား သမုိင္း၀င္ဒါဘီပြဲမွာ ပထမဆံုးအႏုိင္ရသူအျဖစ္ မွတ္တမ္းေရးထိုးႏုိင္ခဲ့ပါတယ္။

Photo Credit: Mirror

မန္ယူအမ်ဳိးသမီးအသင္းဟာ 2018 ကမွစတင္တည္ေထာင္ခဲ့တာျဖစ္ၿပီး ယမန္ႏွစ္ရာသီက အဂၤလန္အမ်ဳိးသမီးခ်န္ပီယံရွစ္မွာ အဆင္ 1 ေနရာရပ္တည္ကာ ခ်န္ပီယံျဖစ္ခဲ့တာေၾကာင့္ အမ်ဳိးသမီးစူပါလိဂ္ကို တန္းတက္လာႏုိင္ခဲ့တာပါ။ စေနညက မန္ခ်က္စတာဒါဘီပြဲစဥ္ဟာ ဒီရာသီအမ်ဳိးသမီးစူပါလိဂ္ရဲ႕ ပထမဆံုးပြဲစဥ္ျဖစ္သလုိ မန္စီးတီးနဲ႔ မန္ယူအမ်ဳိးသမီးအသင္းတုိ႔အၾကား ပထမဆံုးအႀကိမ္ေတြ႕ဆံုတဲ့ သမုိင္း၀င္ဒါဘီပြဲလည္းျဖစ္ခဲ့တာေၾကာင့္ Etihad ကြင္းထဲမွာ ပရိသတ္ 31,213 ဦးအထိ လာေရာက္အားေပးခဲ့ပါတယ္။ ဒါဟာ အဂၤလန္အမ်ဳိးသမီးစူပါလိဂ္ပြဲစဥ္တစ္ခုကို အမ်ဳိးသားအသင္းေတြကစားတဲ့ကြင္းမွာ 2014 ေနာက္ပိုင္း ပထမဆံုးယွဥ္ၿပိဳင္မႈျဖစ္ခဲ့ၿပီး ပရိသတ္ဦးေရကလည္း အဂၤလန္အမ်ဳိးသမီးစူပါလိဂ္သမုိင္းတစ္ေလွ်ာက္ အမ်ားဆံုးစံခ်ိန္သစ္ျဖစ္ခဲ့ပါတယ္။

Photo Credit: Mirror

အရင္က အမ်ဳိးသမီးစူပါလိဂ္မွာ ပရိသတ္အမ်ားဆံုးပြဲဟာ အာဆင္နယ္က ဘရိုက္တန္ကိုအႏုိင္ရခဲ့တဲ့ပြဲျဖစ္ၿပီး အဲဒီပြဲစဥ္မွာ 5,265 ဦးလာေရာက္အားေပးခဲ့တာပါ။ ဒါေၾကာင့္လည္း စေနညက မန္ခ်က္စတာဒါဘီပြဲစဥ္ဟာ အရင္စံခ်ိန္ေဟာင္းထက္ 6 ဆနီးပါးပိုမိုမ်ားျပားကာ စံခ်ိန္သစ္တင္ႏုိင္ခဲ့တာျဖစ္ပါတယ္။ အဲဒီပြဲစဥ္ကို မန္ယူစီနီယာအသင္းနည္းျပဆုိးလ္ရွားလည္း လာေရာက္အားေပးခဲ့ေသးတာပါ။ ပထမပိုင္းမွာ မန္ယူအသင္းက အိမ္ရွင္မန္စီးတီးကို အသာစီးနဲ႔ကစားႏုိင္ခဲ့ေပမယ့္ ၿပိဳင္ဘက္ဂိုးသမားရဲ႕လက္စြမ္းျပႏုိင္မႈေၾကာင့္ ဂိုးသြင္းႏုိင္ခဲ့ျခင္းမရွိပါဘူး။ ဒုတိယပိုင္းျပန္စၿပီး 3 မိနစ္အၾကာမွာေတာ့ ဘယ္ေတာင္ပံကစားသမား ကာရိုလုိင္း၀ီယာက မန္စီးတီးအတြက္ တစ္လံုးတည္းေသာအႏုိင္ဂိုးကို လွပတဲ့အေ၀းကန္ခ်က္နဲ႔ရယူေပးႏုိင္ခဲ့တာျဖစ္ပါတယ္။

Photo Credit: Mirror

(Unicode)

သမိုင်းဝင် ပထမဆုံးမန်ချက်စတာဒါဘီမှာ အရှုံးနဲ့ရင်ဆိုင်ခဲ့ရတဲ့ မန်ယူအမျိုးသမီးအသင်း

စနေညကကျင်းပခဲ့တဲ့ မန်ချက်စတာဒါဘီ အမျိုးသမီးအသင်းနှစ်သင်းရဲ့ ပထမဆုံးအကြိမ်တွေ့ဆုံမှုမှာ မန်စီးတီးက မန်ယူကို 1-0 နဲ့အနိုင်ရပြီး သူတို့နှစ်သင်းအကြား သမိုင်းဝင်ဒါဘီပွဲမှာ ပထမဆုံးအနိုင်ရသူအဖြစ် မှတ်တမ်းရေးထိုးနိုင်ခဲ့ပါတယ်။

မန်ယူအမျိုးသမီးအသင်းဟာ 2018 ကမှစတင်တည်ထောင်ခဲ့တာဖြစ်ပြီး ယမန်နှစ်ရာသီက အင်္ဂလန်အမျိုးသမီးချန်ပီယံရှစ်မှာ အဆင် 1 နေရာရပ်တည်ကာ ချန်ပီယံဖြစ်ခဲ့တာကြောင့် အမျိုးသမီးစူပါလိဂ်ကို တန်းတက်လာနိုင်ခဲ့တာပါ။ စနေညက မန်ချက်စတာဒါဘီပွဲစဉ်ဟာ ဒီရာသီအမျိုးသမီးစူပါလိဂ်ရဲ့ ပထမဆုံးပွဲစဉ်ဖြစ်သလို မန်စီးတီးနဲ့ မန်ယူအမျိုးသမီးအသင်းတို့အကြား ပထမဆုံးအကြိမ်တွေ့ဆုံတဲ့ သမိုင်းဝင်ဒါဘီပွဲလည်းဖြစ်ခဲ့တာကြောင့် Etihad ကွင်းထဲမှာ ပရိသတ် 31,213 ဦးအထိ လာရောက်အားပေးခဲ့ပါတယ်။ ဒါဟာ အင်္ဂလန်အမျိုးသမီးစူပါလိဂ်ပွဲစဉ်တစ်ခုကို အမျိုးသားအသင်းတွေကစားတဲ့ကွင်းမှာ 2014 နောက်ပိုင်း ပထမဆုံးယှဉ်ပြိုင်မှုဖြစ်ခဲ့ပြီး ပရိသတ်ဦးရေကလည်း အင်္ဂလန်အမျိုးသမီးစူပါလိဂ်သမိုင်းတစ်လျှောက် အများဆုံးစံချိန်သစ်ဖြစ်ခဲ့ပါတယ်။

အရင်က အမျိုးသမီးစူပါလိဂ်မှာ ပရိသတ်အများဆုံးပွဲဟာ အာဆင်နယ်က ဘရိုက်တန်ကိုအနိုင်ရခဲ့တဲ့ပွဲဖြစ်ပြီး အဲဒီပွဲစဉ်မှာ 5,265 ဦးလာရောက်အားပေးခဲ့တာပါ။ ဒါကြောင့်လည်း စနေညက မန်ချက်စတာဒါဘီပွဲစဉ်ဟာ အရင်စံချိန်ဟောင်းထက် 6 ဆနီးပါးပိုမိုများပြားကာ စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီပွဲစဉ်ကို မန်ယူစီနီယာအသင်းနည်းပြဆိုးလ်ရှားလည်း လာရောက်အားပေးခဲ့သေးတာပါ။ ပထမပိုင်းမှာ မန်ယူအသင်းက အိမ်ရှင်မန်စီးတီးကို အသာစီးနဲ့ကစားနိုင်ခဲ့ပေမယ့် ပြိုင်ဘက်ဂိုးသမားရဲ့လက်စွမ်းပြနိုင်မှုကြောင့် ဂိုးသွင်းနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒုတိယပိုင်းပြန်စပြီး 3 မိနစ်အကြာမှာတော့ ဘယ်တောင်ပံကစားသမား ကာရိုလိုင်းဝီယာက မန်စီးတီးအတွက် တစ်လုံးတည်းသောအနိုင်ဂိုးကို လှပတဲ့အဝေးကန်ချက်နဲ့ရယူပေးနိုင်ခဲ့တာဖြစ်ပါတယ်။