စီရော်နယ်ဒိုငယ်ငယ်က ဗိုလ်ဆာနေချိန်မှာ ဟမ်ဘာဂါကျွေးခဲ့တဲ့ ကျေးဇူးရှင်ကို ရှာတွေ့ပြီ

M Cash24 အကြောင်း သိလိုပါက M Cash24 ကို နှိပ်ပါ။

လက်ရှိကမ္ဘာ့ဘောလုံးလောကရဲ့ ဘုရင်တစ်ဆူဖြစ်တဲ့ စီရော်နယ်ဒိုဆိုတာ အဘက်ဘက်က ၀င်ငွေပေါင်းမြောက်များစွာရရှိနေပေမယ့် သူ့ရဲ့ လက်ရှိဘ၀နဲ့ ငယ်ဘ၀ကတော့ မိုးနဲ့မြေလိုကွာခြားခဲ့ပါတယ်။

ငယ်စဉ်ကအနေအထားနဲ့ လက်ရှိအနေအထားဟာ အဆပေါင်း များစွာကွာခြားသွားခဲ့ပေမယ့် စီရော်နယ်ဒိုရဲ့ ဘ၀မမေ့တဲ့ စိတ်ဓါတ်ကတော့ ချီးကျူးစရာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ITV ရုပ်သံက ပီယာမော်ဂန်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ စီရော်နယ်ဒိုက သူ့ရဲ့ ငယ်ဘ၀က ခက်ခဲရုန်းကန်ခဲ့ရတာတွေကို မခြွင်းမချန် ထုတ်ဖော် ပြောဆိုခဲ့သလို တစ်လုပ်စားဖူးသူ့ကျေးဇူးဆိုတဲ့ ငယ်ဘ၀က ကျေးဇူးရှင်တစ်ဦးကိုလည်း အခု ထိရှာဖွေနေတုန်းပဲ ဆိုတာကို ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

စီရော်နယ်ဒိုဟာ မွေးရပ်မြေ မီဒီရာမှာ ငယ်ဘ၀ကို ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရပြီး ဗိုက်ဆာလွန်းလို့ စပို့တင်းလစ္စဘွန်းကွင်းဘေးနားက မက်ဒေါ်နယ်ဆိုင်မှာ စားစရာတွေ သွားတောင်းစားဖူးတဲ့ အကြောင်းကို ထုတ်ဖော်ပြောခဲ့တာပါ။

အဲဒီလို သူသွားတောင်းစားတဲ့အခါတိုင်း မက်ဒေါ်နယ်ဆိုင်က အက်ဒ်နာလို့ ခေါ်တဲ့ မိန်းမကြီးတစ်ဦးနဲ့ အခြား မိန်းကလေး နှစ်ယောက်က သူ့ကို ဟမ်ဘာဂါတွေ အလကားကျွေးလေ့ရှိတယ်လို့ဆိုပါတယ်။ အခုချိန်မှာ တစ်ပတ်လုပ်ခလစာ ပေါင် 5 သိန်းကျော်ရရှိနေပြီဖြစ်တဲ့ စီရော်နယ်ဒိုဟာ ငယ်ဘ၀ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်ဖို့ ပြန်ရှာခဲ့ပေမယ့် အဲဒီမက်ဒေါ်နယ်ဆိုင်က မရှိတော့သလို အက်ဒ်နာနဲ့ မိန်းကလေး နှစ်ဦးကိုလည်း လုံးဝ ပြန်ရှာမတွေ့ခဲ့ဘူးလို့ ထုတ်ဖော်ပြောခဲ့တာဖြစ်ပါတယ်။

အင်တာဗျူး အစီအစဉ်မှာ စီရော်နယ်ဒိုက “ ကျတော် ငယ်ငယ်က ဗိုက်ဆာပြီဆိုရင် ကွင်းဘေးမှာ ရှိတဲ့ မက်ဒေါ်နယ်ဆိုင်တံခါးကို သွားခေါက်ပြီး စားစရာတွေ သွားတောင်းစားကြတယ်။ အဲဒီဆိုင်က ကျတော်တို့ကို ဘာဂါကျွေးတဲ့ အက်ဒ်နာနဲ့ မိန်းကလေး နှစ်ယောက်ကိုပဲ ကျတော် မှတ်မိတယ်။ ကျတော် အခုလို အောင်မြင်လာချိန်မှာတော့ သူတို့ကို လုံးဝပြန်မတွေ့ရတော့ဘူး၊ ပေါ်တူဂီမှာ လိုက်စုံစမ်းကြည့်တော့ သူတို့ဆိုင်ကလည်း ပိတ်သွားပြီ။ အခုအင်တာဗျူးကတော့ သူတို့ကို ပြန်ရှာတွေ့ဖို့ အကူအညီပေးနိုင်မယ်ထင်ပါတယ်” လို့ ပြောကြားခဲ့ပြီး ပြန်ရှာတွေ့ခဲ့ရင် ကျေးဇူးရှင်တွေကို ကျေးဇူးဆပ်ဖို့ တူရင် ဒါမှမဟုတ် လစ္စဘွန်းမြို့မှာ ညစာဖိတ်ခေါ်ကျွေးချင်တယ်လို့ ဆိုပါတယ်။

အခုတော့ အဲဒီအင်တာဗျူးကြောင့်ပဲ စီရော်နယ်ဒိုရဲ့ ငယ်ဘ၀ကျေးဇူးရှင်တွေကို ပြန်ရှာတွေ့ခဲ့ပြီဖြစ်ပါတယ်။ အခုပြန်ရှာတွေ့ခဲ့တဲ့ ကျေးဇူးရှင်က အက်ဒ်ဒါတော့မဟုတ်ပါဘူး။ အခြားမိန်းကလေး နှစ်ဦးတည်းက တစ်ဦး ဖြစ်တဲ့ ပေါ်လာလီကာဖြစ်ပါတယ်။
ကလေးနှစ်ယောက်မိခင် ပေါ်လာလီကာဟာ စီရော်နယ်ဒိုနဲ့ သူငယ်ချင်းတွေ စားစရာလာတောင်းတဲ့အခါ ဟမ်ဘာဂါကျွေးခဲ့ကြသူ အမျိုးသမီး 3 ဦးတည်းက တစ်ဦးဖြစ်ပြီး စီရော်နယ်ဒိုရဲ့ ညစာစားဖို ဖိတ်ခေါ်မှုကို ၀မ်းပမ်းတသာပဲ လက်ခံခဲ့ပါတယ်။

ပေါ်တူဂီရော်ဒီယိုသတင်းဌာနရီနက်ဆန်ကာနဲ့ ပြုလုပ်တဲ့အင်တာဗျူးမှာ သူမက “ သူတို့က စားသောက်ဆိုင်ရှေ့မှာ စားစရာတွေ လာတောင်းတော့ ကျမတို့ကလည်း မန်နေဂျာရဲ့ ခွင့်ပြုချက်နဲ့ သူတို့ကို ကျန်နေတဲ့ ဘာဂါတွေ ကျွေးခဲ့ကြတာပါ။ သူတို့ထဲကတစ်ယောက်ဖြစ်တဲ့ စီရော်နယ်ဒိုကတော့ အရမ်းကို ကြောက်တတ်တယ်။ သူတို့က ကျမတို့ဆီမှာ ညတိုင်းလိုလို လာတောင်းကြတာ။ အဲဒီအကြောင်းကို ကျမ သားကို ပြန်ပြောတော့ သူက မယုံဘူး၊ ကျမယောက်ျားကတော့ အစကတည်းက သိပါတယ်။ သူကိုယ်တိုင်လည်း သူ့အလုပ်က မုန့်တွေယူလာပြီး ကျွေးဖူးတယ်။ အခုချိန်ထိ စီရော်နယ်ဒို မှတ်မိနေသေးတာ တကယ့်ကို အံ့သြစရာပဲ၊ လူပီသတဲ့ စိတ်ဓါတ်ကို ပြလိုက်တာပါ။ အနည်းဆုံးတော့ ဒါဟာ လုပ်ဇာတ်တစ်ခုမဟုတ်ဆိုတာကို လူတွေ နားလည်သွားကြတာပေါ့။ ကျမကို ညစာစားဖို့ ဖိတ်တာကို သေချာပေါက်သွားမှာပါ။ သူ့ကို ပထမဆုံးပြောချင်တာက ငယ်ငယ်က အဖြစ်အပျက်တွေကို မှတ်မိနေသေးလို့ ကျေးဇူးတင်ပါတယ်ဆိုတာပါပဲ” လို့ ပြောသွားခဲ့ပါတယ်။

ပေါ်လာလီကာရဲ့ ခင်ပွန်းသည် ဂျို့စ်ကော်စတာကတော့ ဟမ်ဘာဂါ ဆိုင်ပိုင်ရှင် အက်ဒ်နာနဲ့ အဆက်အသွယ်ပြတ်တောက်နေကြောင်းနဲ့ သူလည်း တစ်နေရာကနေ ဒီသတင်းကို ကြားသိသွားလိမ့်မယ်လို့ မျှော်လင့်ကြောင်းကို ပြောပြခဲ့ပါတယ်။ ဂျို့စ်ကော်စတာက “အရင်ကဆိုရင် ကောင်းတာတွေလုပ်ခဲ့လို့ ကိုယ့်ဆီ ကောင်းတာတွေ ပြန်လာမယ်ဆိုတာကို ကျတော် မယုံကြည်ခဲ့ဘူး။ အခုတော့ ကျတော် ယုံကြည်သွားပါပြီ” လို့ ပြောပြသွားခဲ့ပါတယ်။

[Unicode]