ဝုဗ်နဲ့ပွဲအတွက် မန်ယူပရိသတ်တွေမကြိုက်မယ့်ရလဒ်မျိုးခန့်မှန်းခဲ့တဲ့ မိုက်ကယ်အိုဝင်

photo-betvictor

photo-gettyimages

မန်ယူအသင်းဟာ တနင်္လာညကစားမယ့် ၀ုဗ်နဲ့ပွဲစဉ်မှာ ချဲလ်ဆီးနဲ့ပွဲကလိုနိုင်ပွဲမျိုးထပ်ရဖို့ ရုန်းကန်ရနိုင်ပါတယ်တဲ့။ ဒါဟာ လီဗာပူးနဲ့မန်ယူတိုက်စစ်မှုးဟောင်းမိုက်ကယ်အိုဝင်ရဲ့အမြင်ဖြစ်ပါတယ်။ ဆိုးလ်ရှားရဲ့အသင်းဟာ ၀ုဗ်အိမ်ကွင်းမိုလီနော့မှာ အများကြီးခက်ခဲကြမ်းတမ်းမယ့်စမ်းသမ်မှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ အိုဝင်က ထင်မြင်ယူဆနေတာပါ။ မန်ယူဟာ ချဲလ်ဆီးနဲ့ရာသီအဖွင့်တုန်းက ၄ ဂိုးပြတ်နဲ့တာထွက်ကောင်းခဲ့ပေမယ့် ပထမပိုင်းမှာတုန်းက ကံကောင်းခဲ့လို့သာ ၁-၀ ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့တာပါ။

photo-gettyimages

ဆိုးလ်ရှားရဲ့အသင်းဟာ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မှာ အသက်အငယ်ဆုံးအသင်းဖြစ်ခဲ့ပြီး ကစားသမားသစ်တွေဖြစ်ကြတဲ့ မက်ဂွိုင်းယား၊ဘစ်ဆာကာနဲ့ ဒန်နီရယ်ဂျိမ်းစ်တို့ကလည်း ခြေစွမ်းပြကစားနိုင်နေကြပါတယ်။ ဒါကြောင့် ၀ုဗ်နဲ့ဆက်လက်ကစားရမယ့် ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်ဟာ ရာသီသစ်က မန်ယူရဲ့တိုးတက်ပြောင်းလဲမှုအခြေအနေကို သေချာပေါက်မှန်းဆနိုင်မှာ ဖြစ်ပါတယ်။ ၀ုဗ်ကတော့ ပြီးခဲ့တဲ့ရာသီမန်ယူနဲ့ပြိုင်ပွဲအရပ်ရပ်တွေ့ဆုံမှု ၃ ကြိမ်စလုံးမှာ ရှုံးပွဲမရှိခဲ့ပါဘူး။ ပရီးမီးယားလိဂ်ဒုတိယပွဲစဉ်မတိုင်ခင် ခန့်မှန်းမှုတွေပြုလုပ်ရာမှာတော့ အိုဝင်ဟာ ၀ုဗ်နဲ့ပွဲမှာ မန်ယူနိုင်မယ်လို့မထင်ဘဲ အကောင်းဆုံးမျှော်မှန်းနိုင်တာက သရေသာဖြစ်လိမ့်မယ်လို့ ဆိုခဲ့ပါတယ်။

photo-metro

”မန်ယူဟာ အိုးလ်ထရက်ဖို့ဒ်က ချဲလ်ဆီးနဲ့ဒုတိယပိုင်းမှာ အတော်လေးကောင်းခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ဟာ ၀ုဗ်နဲ့အဝေးကွင်းပွဲမှာတော့ ခက်ခဲမယ့်စမ်းသပ်မှုတစ်ခုနဲ့ ရင်ဆိုင်ရတော့မှာပါ။ ၀ုဗ်ဟာ လက်စတာနဲ့ပွဲတုန်းက ကံမကောင်းလို့ အမှတ်ပြည့်မရခဲ့တာပါ။ ပြူနစ်နဲ့ယူရိုပါလိဂ်ပွဲကစားခဲ့ရပေမယ့် နည်းပြဆန်တိုဟာ မန်ယူနဲ့ပွဲအတွက် သူ့လူစာရင်းကို အပြောင်းအလဲလုပ်ခဲ့မှာပါ။ အိမ်ရှင်ရှုံးမယ့်ပွဲတစ်ပွဲလို့ ကျွန်တော်မထင်ပါဘူး။ အဲဒီပွဲပြီးရင် ထိပ်ဆုံး ၄ နေရာအတွက် မန်ယူရဲ့စိန်ခေါ်နိုင်စွမ်းကို ကျွန်တော်တို့ပိုပြီးသိရတော့မှာပါ”လို့ အိုဝင်က သူ့ရဲ့အပတ်စဉ်ခန့်မှန်းမှုကော်လံစာမျက်နှာမှာ ရေးသားခဲ့ပါတယ်။