ဂိုးအများဆုံးသွင်းသူစာရင်းကို ပူးတွဲဦးဆောင်နေတဲ့ နော်ဝစ်ခ်ျက မထင်မရှားဖင်လန်သား

photo-gettyimages

photo-gettyimages

လက်ရှိပရီးမီးယားလိဂ်ဂိုးအများဆုံးသွင်းသူစာရင်းကိုကြည့်လိုက်မယ်ဆိုရင် ၄ ဂိုးစီနဲ့ မန်စီးတီးက စတာလင်းနဲ့ ပူးတွဲဦးဆောင်နေတဲ့ မထင်မရှားကစားသမားတစ်ယောက်ကိုတွေ့ရမှာပါ။ သူကတော့ နော်ဝစ်ခ်ျတိုက်စစ်မှုးပက်ကီဖြစ်ပြီး ဖင်လန်လက်ရွေးစင်တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂ နှစ်ဆက်ဗိုလ်စွဲထားတဲ့လက်ရှိချန်ပီယံအသင်းက ကစားသမားတစ်ယောက်ဟာ ဂိုးအများဆုံးသွင်းသူစာရင်းကိုဦးဆောင်နေတာ မဆန်းပေမယ့် တန်းတက်အသင်းက ကစားသမားတစ်ယောက်ဟာ ဒီလိုမျိုး စတာလင်းနဲ့ ပူးတွဲဦးဆောင်နိုင်မယ်လို့ ဘယ်သူကမှ ထင်ထားကြမှာ မဟုတ်ပါဘူး။

photo-gettyimages

အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ပက်ကီဟာ ရာသီအဖွင့် လီဗာပူးကို ၄-၁ ဂိုးနဲ့ရှုံးခဲ့တုန်းက နော်ဝစ်ခ်ျအတွက် နောက်ကျနှစ်သိမ့်ချေပဂိုးတစ်ဂိုးကို သွင်းပေးခဲ့သူဖြစ်ပါတယ်။ နယူးကာဆယ်နဲ့ ဒုတိယမြောက်ပရီးမီးယားလိဂ်ပွဲစဉ်မှာတော့ သူ့ရဲ့ဟက်ထရစ်သွင်းဂိုးကြောင့် နော်ဝစ်ခ်ျဟာ ၃-၁ ဂိုးနဲ့အနိုင်ရသွားခဲ့ပါတယ်။ အဲဒါကြောင့်လည်း ပက်ကီဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပထမဆုံးကစားဖူးတဲ့ ၂ ပွဲမှာပဲ ၄ ဂိုးသွင်းနိုင်ခဲ့တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့ပါတယ်။

photo-gettyimages

ပက်ကီဟာ ပြီးခဲ့တဲ့ရာသီတုန်းကလည်း ချန်ပီယံရှစ်မှာ နော်ဝစ်ခ်ျအတွက် ၂၉ ဂိုးတောင် သွင်းပေးနိုင်ခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီကမှ နော်ဝစ်ခ်ျကိုရောက်လာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အဲဒီလိုသွင်းနိုင်ခဲ့တာဖြစ်ကာ နော်ဝစ်ခ်ျနဲ့ သူ့ရဲ့ပထမဆုံးပရီးမီးယားလိဂ်အတွေ့အကြုံမှာလည်း တာထွက်ကောင်းထားတာပါ။ တကယ်တော့ ပက်ကီဟာ ဒိန်းမတ်ကလပ်ဘရွန်ဘီမှာ စာချုပ်သစ်ကမ်းလှမ်းခံရခြင်းမရှိလို့ နော်ဝစ်ခ်ျကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ရောက်လာခဲ့တာပါ။ သူဟာ ၂၀၁၃ တုန်းကလည်း ဆဲလ်တစ်မှာကစားခဲ့ဖူးပေမယ့် ပုံမှန်နေရာရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ဒါ့အပြင် ပက်ကီဟာ ကစားသမားဘ၀အစောပိုင်းတုန်းက ဂျာမနီက ရှော်ကေးနဲ့ စပိန်က ဆီဗီလာတို့မှာလည်း ကစားဖူးပေမယ့် အဲဒီအသင်းတွေမှာ မအောင်မြင်ခဲ့ပါဘူး။ အခုတော့ တာထွက်ကောင်းမှုကြောင့် ပရီးမီးယားလိဂ်မှာ ပရိသတ်သတိထားမိတဲ့ကစားသမားတစ်ယောက်ဖြစ်နေပါပြီ။

[Unicode]