ပြီးခဲ့တဲ့ရာသီမှာ ဗန်ဒစ်ဂ်ျကို ဘယ်သူမှ မလိမ်ခေါက်နိုင်ဆိုတဲ့အပေါ် လူးကပ်စ်မိုရာမယုံကြည်

ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးနောက်ခံလူဗန်ဒစ်ဂ်ျကို ဘယ်သူမှ လိမ်ခေါက်နိုင်ခြင်းမရှိဘူးဆိုတဲ့ ကျော်ကြားလှတဲ့မှတ်တမ်းကို စပါးအသင်းတောင်ပံတိုက်စစ်ကစားသမားလူးကပ်စ်မိုရာကတော့ ယုံကြည်တဲ့ပုံ မရှိပါဘူး။ ပြီးခဲ့တဲ့ရာသီ လီဗာပူးအတွက် ကစားပေးခဲ့တဲ့ ၆၄ ပွဲစလုံးမှာ ဗန်ဒစ်ဂ်ျဟာ ဘယ်ပြိုင်ဘက်ရဲ့လိမ်ခေါက်ကျော်ဖြတ်ခြင်းကိုမှ မခံခဲ့ရဘူးလို့ ဘောလုံးအချက်အလက်တွေနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ Opta ကဖော်ပြခဲ့ပါတယ်။ အဲဒါဟာ အတော်များများတစ်ခုတ်တစ်ရပြောဆိုခဲ့ရတဲ့ အထင်ကြီးဖွယ်မှတ်တမ်းလည်း ဖြစ်ခဲ့ပါတယ်။

photo-gettyimages

ဒါ့အပြင် အဲဒီနယ်သာလန်သားနောက်ခံလူကို နောက်ဆုံးကျော်ဖြတ်နိုင်ခဲ့တဲ့ကစားသမားဟာ နယူးကာဆယ်ကွင်းလယ်လူဟောင်းမာရီနိုဖြစ်ပြီး ၂၀၁၈ မတ်လက ဖြစ်ပါတယ်။ ဒါပေမဲ့လည်း မိုရာဟာ ဗန်ဒစ်ဂ်ျရဲ့အဲဒီကျော်ကြားတဲ့စွမ်းဆောင်မှုမှတ်တမ်းကို လက်မခံနိုင်ဖြစ်နေပါတယ်။ အဲဒါနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့မတ်လ အန်ဖီးလ်မှာ လီဗာပူးကို ၂-၁ ဂိုးနဲ့ရှုံးတုန်းက သူသွင်းခဲ့တဲ့ဂိုးကို ပြန်လည်ညွှန်းဆိုခဲ့ပါတယ်။

photo-gettyimages

”အဲဒါက တကယ်အမှန်လားဆိုတာ ကျွန်တော်မသိပါဘူး။ ပြီးခဲ့တဲ့ရာသီမှာတော့ ဗန်ဒစ်ဂ်ျကို ဘယ်ကစားသမားကမှ လိမ်ခေါက်ကျော်ဖြတ်နိုင်ခြင်းမရှိဘူးလို့ သူတို့တွေ ပြောကြပါတယ်။ ဘာပဲဖြစ်ဖြစ်ဗျာ တစ်ယောက်ယောက်က သူ့ကို ကျော်ဖြတ်နိုင်တာနဲ့ လိမ်ခေါက်မှုတစ်ခုဖြစ်နေပါပြီ။ လီဗာပူးနဲ့ပရီးမီးယားလိဂ်ပွဲတုန်းက ကျွန်တော်တို့ရှုံးနိမ့်ခဲ့ပေမယ့် ကျွန်တော် တစ်ဂိုးသွင်းခဲ့ပါတယ်။ ဒါပေမဲ့ လီဗာပူးကို ကျွန်တော်ဂိုးသွင်းခဲ့ပြီး သူဘာမှ မတတ်နိုင်ဘဲ ကျန်နေခဲ့ပါတယ်။ ဒါပေမဲ့လည်း သူဟာ ကြီးကျယ်တဲ့နောက်ခံလူတစ်ယောက်ပါ”လို့ လူးကပ်စ်မိုရာက ရုပ်သံအင်တာဗျူးတစ်ခုမှာ ပြောခဲ့တာ ဖြစ်ပါတယ်။