ဘာေၾကာင့္ အဲရစ္ဆင္က အသင္းႀကီးေတြရဲ႕ ေပါေခ်ာင္ေကာင္းပစ္မွတ္ျဖစ္လာႏုိင္တာလဲ ?

Photo Credit: Getty Images

လက္ရိွေႏြရာသီေစ်းကြက္အတြင္း စပါးအသင္းကြင္းလယ္လူအဲရစ္ဆင္နဲ႔ပတ္သက္တဲ့ အေျပာင္းအေရႊ႕သတင္းေတြက ေတာ္ေတာ္ေလးကိုလႈပ္ခတ္ေနတာပါ။ ထိပ္တန္းအဆင့္ကြင္းလယ္ဖန္တီးရွင္ ျဖစ္တဲ့ အဲရစ္ဆင္လုိလူမ်ဳိးကို လက္ရွိေစ်းကြက္ေပါက္ေစ်းနဲ႔ႏိႈင္းယွဥ္ရင္ ေပါင္သန္း 150 ေလာက္အထိ သတ္မွတ္ထားရမွာျဖစ္ပါတယ္။ စပါးအသင္းဘက္ကလည္း အဲဒီေလာက္အထိအလိုရွိေနေပမယ့္ စစ္တမ္းတစ္ရပ္အရေတာ့ အဲရစ္ဆင္ဟာ ထိပ္တန္းကလပ္ေတြအတြက္ ေပါေခ်ာင္ေကာင္းေစ်းနဲ႔ေခၚယူႏုိင္တဲ့သူမ်ဳိးျဖစ္လာႏုိင္ေျခရွိတယ္လုိ႔ သံုးသပ္ထားပါတယ္။

Photo Credit: Getty Images

ဒါဟာ စပါးအသင္းနဲ႔ စာခ်ဳပ္သက္တမ္းေနာက္ဆံုး 12 လထဲကိုေရာက္ရွိလာတဲ့ အဲရစ္ဆင္ရဲ႕အေျခအေနေၾကာင့္ပါပဲ။ အသက္ 27 ႏွစ္အရြယ္ အဲရစ္ဆင္ဟာ စပါးနဲ႔ 2020 ခုႏွစ္အထိသာ စာခ်ဳပ္သက္တမ္းရွိထားတာျဖစ္ၿပီး စာခ်ဳပ္သစ္ေဆြးေႏြးမႈကလည္း လံုး၀အဆင္ေျပျခင္းမရွိပါဘူး။ ခ်ဲလ္ဆီးဟာ အဲရစ္ဆင္လုိပဲျဖစ္ေနတဲ့ ဟာဇက္ကို ရီးရဲလ္ထံ ေပါင္သန္း 150 နဲ႔ေရာင္းခ်ႏုိင္ခဲ့ေပမယ့္ ဒါဟာ ေစ်းကြက္သေဘာတရားအရ ျဖစ္ေတာင့္ျဖစ္ခဲ အေျခအေနမ်ဳိးသာျဖစ္ၿပီး အဲရစ္ဆင္ကို အလားတူေရာင္းခ်ႏုိင္ဖုိ႔ကေတာ့ ျဖစ္ႏုိင္ေျခလံုး၀မရွိသေလာက္ပဲလုိ႔ဆုိပါတယ္။

Photo Credit: Getty Images

လက္ရွိအခ်ိန္မွာ အဲရစ္ဆင္ကိုယ္တုိင္က စပါးကေနထြက္ခြာဖုိ႔ဆႏၵရွိေနတာေၾကာင့္ စပါးနည္းျပပိုခ်က္တီႏုိကလည္း ကစားသမားကိုဆံုးရႈံးရႏုိင္ေျခရွိတယ္လုိ႔ ၀န္ခံထားပါတယ္။ စပါးနဲ႔စာခ်ဳပ္သစ္ကိုသာ ကစားသမားဘက္က ယတိျပတ္ျငင္းပယ္ၿပီး ထြက္ခြာဖုိ႔ဖိအားေပးမယ္ဆုိရင္ ဒီေႏြရာသီအတြင္းမွာပဲ တန္ေၾကးတစ္ရပ္နဲ႔ မျဖစ္မေနေရာင္းခ်ဖုိ႔ျပင္ဆင္ရႏုိင္ပါတယ္။ ဒါေၾကာင့္ စပါးအေနနဲ႔ အဲရစ္ဆင္အတြက္ ေပါင္သန္း 150 ရဖုိ႔ မျဖစ္ႏုိင္ဘူးလုိ႔ သံုးသပ္ထားတာပါ။ သတင္းေတြအရေတာ့ အက္သလက္တီကိုဟာ အဲရစ္ဆင္ကို ေပါင္သန္း 120 န႔ဲေခၚယူဖုိ႔ျပင္ဆင္ေနတယ္လုိ႔ဆုိၾကေပမယ့္ သူ႕ရဲ႕တန္ေၾကးဟာ အဲဒီထက္မ်ားစြာပိုနိမ့္ၿပီး ေပါင္သန္း 60 ေလာက္အထိလည္းျဖစ္သြားႏုိင္တယ္လုိ႔ အဆုိပါစစ္တမ္းက ဆုိပါတယ္။

Photo Credit: Getty Images

အဲရစ္ဆင္ဟာ စပါးအသင္းမွာ တစ္ပတ္လစာ ေပါင္ 75,000 သာရရွိေနတာျဖစ္ၿပီး တစ္ႏွစ္ဆုိလွ်င္ ေပါင္ 4 သန္းသာရွိေနတာပါ။ စာခ်ဳပ္သစ္အတြက္ စပါးဘက္က ေပါင္ 160,000 နဲ႔ေနာက္ဆံုးအႀကိမ္ကမ္းလွမ္းခဲ့တာကို ကစားသမားရဲ႕ကုိယ္စားလွယ္အဖြဲ႕ကျငင္းပယ္ထားၿပီး ေပါင္ 200,000 နဲ႔ထပ္မံကမ္းလွမ္းဖုိ႔ စပါးက ျပင္ဆင္ေနပါတယ္။ ဒါေပမဲ့ အဲရစ္ဆင္ကို စပါးမွာဆက္ေနေအာင္ ေငြေၾကးတစ္ခုတည္းနဲ႔ ဆြဲေဆာင္လုိ႔မရႏုိင္ဘူးလုိ႔လည္း သူ႕ရဲ႕ကုိယ္စားလွယ္အဖြဲ႕ကေၾကညာထားတာပါ။ သူဟာ 2013 ခုႏွစ္က ေအဂ်က္ဇ္ကေန စပါးကုိ ေပါင္ 11 သန္းနဲ႔ေရာက္ရွိလာခဲ့သူျဖစ္ၿပီး 6 ရာသီအတြင္း ၿပိဳင္ပြဲအရပ္ရပ္ 277 ပြဲကစားကာ 66 ဂုိးသြင္းယူထားႏုိင္ခဲ့ပါတယ္။

(Unicode)

ဘာကြောင့် အဲရစ်ဆင်က အသင်းကြီးတွေရဲ့ ပေါချောင်ကောင်းပစ်မှတ်ဖြစ်လာနိုင်တာလဲ ?

လက်ရှိနွေရာသီဈေးကွက်အတွင်း စပါးအသင်းကွင်းလယ်လူအဲရစ်ဆင်နဲ့ပတ်သက်တဲ့ အပြောင်းအရွှေ့သတင်းတွေက တော်တော်လေးကိုလှုပ်ခတ်နေတာပါ။ ထိပ်တန်းအဆင့်ကွင်းလယ်ဖန်တီးရှင် ဖြစ်တဲ့ အဲရစ်ဆင်လိုလူမျိုးကို လက်ရှိဈေးကွက်ပေါက်ဈေးနဲ့နှိုင်းယှဉ်ရင် ပေါင်သန်း 150 လောက်အထိ သတ်မှတ်ထားရမှာဖြစ်ပါတယ်။ စပါးအသင်းဘက်ကလည်း အဲဒီလောက်အထိအလိုရှိနေပေမယ့် စစ်တမ်းတစ်ရပ်အရတော့ အဲရစ်ဆင်ဟာ ထိပ်တန်းကလပ်တွေအတွက် ပေါချောင်ကောင်းဈေးနဲ့ခေါ်ယူနိုင်တဲ့သူမျိုးဖြစ်လာနိုင်ခြေရှိတယ်လို့ သုံးသပ်ထားပါတယ်။

ဒါဟာ စပါးအသင်းနဲ့ စာချုပ်သက်တမ်းနောက်ဆုံး 12 လထဲကိုရောက်ရှိလာတဲ့ အဲရစ်ဆင်ရဲ့အခြေအနေကြောင့်ပါပဲ။ အသက် 27 နှစ်အရွယ် အဲရစ်ဆင်ဟာ စပါးနဲ့ 2020 ခုနှစ်အထိသာ စာချုပ်သက်တမ်းရှိထားတာဖြစ်ပြီး စာချုပ်သစ်ဆွေးနွေးမှုကလည်း လုံးဝအဆင်ပြေခြင်းမရှိပါဘူး။ ချဲလ်ဆီးဟာ အဲရစ်ဆင်လိုပဲဖြစ်နေတဲ့ ဟာဇက်ကို ရီးရဲလ်ထံ ပေါင်သန်း 150 နဲ့ရောင်းချနိုင်ခဲ့ပေမယ့် ဒါဟာ ဈေးကွက်သဘောတရားအရ ဖြစ်တောင့်ဖြစ်ခဲ အခြေအနေမျိုးသာဖြစ်ပြီး အဲရစ်ဆင်ကို အလားတူရောင်းချနိုင်ဖို့ကတော့ ဖြစ်နိုင်ခြေလုံးဝမရှိသလောက်ပဲလို့ဆိုပါတယ်။

လက်ရှိအချိန်မှာ အဲရစ်ဆင်ကိုယ်တိုင်က စပါးကနေထွက်ခွာဖို့ဆန္ဒရှိနေတာကြောင့် စပါးနည်းပြပိုချက်တီနိုကလည်း ကစားသမားကိုဆုံးရှုံးရနိုင်ခြေရှိတယ်လို့ ဝန်ခံထားပါတယ်။ စပါးနဲ့စာချုပ်သစ်ကိုသာ ကစားသမားဘက်က ယတိပြတ်ငြင်းပယ်ပြီး ထွက်ခွာဖို့ဖိအားပေးမယ်ဆိုရင် ဒီနွေရာသီအတွင်းမှာပဲ တန်ကြေးတစ်ရပ်နဲ့ မဖြစ်မနေရောင်းချဖို့ပြင်ဆင်ရနိုင်ပါတယ်။ ဒါကြောင့် စပါးအနေနဲ့ အဲရစ်ဆင်အတွက် ပေါင်သန်း 150 ရဖို့ မဖြစ်နိုင်ဘူးလို့ သုံးသပ်ထားတာပါ။ သတင်းတွေအရတော့ အက်သလက်တီကိုဟာ အဲရစ်ဆင်ကို ပေါင်သန်း 120 နဲ့ခေါ်ယူဖို့ပြင်ဆင်နေတယ်လို့ဆိုကြပေမယ့် သူ့ရဲ့တန်ကြေးဟာ အဲဒီထက်များစွာပိုနိမ့်ပြီး ပေါင်သန်း 60 လောက်အထိလည်းဖြစ်သွားနိုင်တယ်လို့ အဆိုပါစစ်တမ်းက ဆိုပါတယ်။

အဲရစ်ဆင်ဟာ စပါးအသင်းမှာ တစ်ပတ်လစာ ပေါင် 75,000 သာရရှိနေတာဖြစ်ပြီး တစ်နှစ်ဆိုလျှင် ပေါင် 4 သန်းသာရှိနေတာပါ။ စာချုပ်သစ်အတွက် စပါးဘက်က ပေါင် 160,000 နဲ့နောက်ဆုံးအကြိမ်ကမ်းလှမ်းခဲ့တာကို ကစားသမားရဲ့ကိုယ်စားလှယ်အဖွဲ့ကငြင်းပယ်ထားပြီး ပေါင် 200,000 နဲ့ထပ်မံကမ်းလှမ်းဖို့ စပါးက ပြင်ဆင်နေပါတယ်။ ဒါပေမဲ့ အဲရစ်ဆင်ကို စပါးမှာဆက်နေအောင် ငွေကြေးတစ်ခုတည်းနဲ့ ဆွဲဆောင်လို့မရနိုင်ဘူးလို့လည်း သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့ကကြေညာထားတာပါ။ သူဟာ 2013 ခုနှစ်က အေဂျက်ဇ်ကနေ စပါးကို ပေါင် 11 သန်းနဲ့ရောက်ရှိလာခဲ့သူဖြစ်ပြီး 6 ရာသီအတွင်း ပြိုင်ပွဲအရပ်ရပ် 277 ပွဲကစားကာ 66 ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။