
၂၀၂၃-၂၄ ရာသီ အမျိုးသမီးစူပါလိဂ်ပွဲအဖြစ် မန်ချက်စတာယူနိုက်တက်နဲ့
မန်စီးတီးတို့ဟာ ဒီည မြန်မာစံတော်ချိန် ၁၁:၀၀ နာရီကျရင်
အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဒီပွဲက
အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ပထမဆုံးကစားမဲ့ အမျိုးသမီး
မန်ချက်စတာဒါဘီပွဲအဖြစ် မှတ်တမ်းဝင်မှာပါ။ မန်စီးတီးအမျိုးသမီး
အသင်းဟာ စူပါလိဂ်နောက်ဆုံး ၂ ပွဲဆက်တိုက် အာဆင်နယ်၊
ဘရိုက်တန်တို့ကို ရှုံးခဲ့တာကြောင့် အခု မန်ချက်စတာဒါဘီပွဲမှာ
နောက်ထပ်ရှုံးပွဲကြုံလို့မရဘဲ အခုလောလောဆယ် ထိပ်ဆုံးက
ချယ်လ်ဆီးနဲ့ ၆ မှတ်အထိ ကွာဟနေပြီဖြစ်ပြီး အမျိုးသမီး
စူပါလိဂ်ပြိုင်ပွဲတစ်လျှောက် တစ်ရာသီအတွင်း ၂ ပွဲနဲ့အထက်
ရှုံးပြီးတော့ ချန်ပီယံဖြစ်တဲ့အသင်း တစ်သင်းမှမရှိသေးပါဘူး။
မာ့ခ်စကင်နာ ကိုင်တွယ်နေတဲ့ ယူနိုက်တက်အမျိုးသမီးအသင်းဟာ
မနှစ်က ချန်ပီယံချယ်လ်ဆီးနဲ့ ၂ မှတ်အကွာလေးနဲ့ ချန်ပီယံမျှော်လင့်ချက်
အဆုံးသတ်ခဲ့ရပေမဲ့ ဒီရာသီအစပိုင်းမှာတော့ တိုက်စစ်ပိုင်းခြေစွမ်းပြမှုနဲ့အတူ
ရှုံးပွဲမရှိဘဲ ရလဒ်ကောင်းရယူနေပါတယ်။ ယူနိုက်တက်အမျိုးသမီးအသင်းဟာ
ဒီရာသီ စူပါလိဂ်ပြိုင်ပွဲမှာ ၁၇ ဂိုးသွင်းပြီး ချယ်လ်ဆီး(၂၃ဂိုး)ပြီးရင်
ဒုတိယမြောက် သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်နေသလို
ပြိုင်ပွဲစုံနောက်ဆုံး ၄ ပွဲမှာလည်း မယုံနိုင်လောက်အောင် ၁၉ ဂိုးအထိ
သွင်းယူခဲ့ပါတယ်။ ဒါပေမဲ့ ခံစစ်ပိုင်းစွမ်းဆောင်ရည်မှာတော့
မနှစ်ကထက် ကျဆင်းနေပြီး,ပြီးခဲ့တဲ့တစ်ရာသီလုံး စူပါလိဂ်မှာ
၂၂ ပွဲကစား ၁၂ ဂိုးသာပေးခဲ့ရပေမဲ့ ဒီရာသီမှာ ၆ ပွဲကစားပြီးချိန်မှာပဲ
ပေးဂိုး ၆ ဂိုးနဲ့ ၁ ပွဲ ၁ ဂိုးနှုန်းပေးခဲ့ရပါတယ်။ ယူနိုက်တက်အမျိုးသမီး
အသင်းဟာ စူပါလိဂ် ၆ ပွဲကစား၊ ၃ ပွဲနိုင်၊ ၃ ပွဲသရေ၊ ၁၂ မှတ်နဲ့
အဆင့် ၃ နေရာ ရပ်တည်နေပြီး ထိပ်ဆုံးက ချယ်လ်ဆီးနဲ့ တစ်ပွဲလျော့
၇ မှတ်ကွာနေတာကြောင့် အခု မန်ချက်စတာဒါဘီပွဲမှာ အမှားလုပ်လို့မရပါဘူး။
ယူနိုက်တက်နဲ့မန်စီးတီးအမျိုးသမီးအသင်းတို့ဟာ ပြိုင်ပွဲစုံမှာ စုစုပေါင်း
၁၂ ကြိမ် ဆုံတွေ့ခဲ့ပြီး ယူနိုက်တက်က ၃ ကြိမ်နိုင်၊ မန်စီးတီးက ၅ ကြိမ်နိုင်၊
၄ ပွဲသရေကျခဲ့ပါတယ်။ အခုပွဲက သမိုင်းဝင်အဖြစ် အိုးလ်ထရက်ဖို့ဒ်မှာ
ပထမဆုံးကစားမဲ့ အမျိုးသမီးမန်ချက်စတာဒါဘီပွဲဖြစ်ပြီး ဒီပွဲအတွက်
စံချိန်တင်လက်မှတ်အရေအတွက် ၄၁,၀၀၀ အထိ ရောင်းချခဲ့ပြီး
ဖြစ်တာကြောင့် ယူနိုက်တက်အသင်းအနေနဲ့ ကိုယ့်ပရိသတ်ရှေ့မှာ
မြို့ခံပြိုင်ဘက် မန်စီးတီးကို အနိုင်ယူပြနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .