အသင်းသားတွေက စပိန်သွားနေချိန် ဒူဘိုင်းမှာ ကလိုက် လေ့ကျင့်လိုက် လုပ်နေတဲ့ ပေါ့ဂ်ဘာ


ယူနိုက်တက်အသင်းသားတွေ စပိန်ကို ဆောင်းရာသီပိတ်ရက် ထွက်ခွာသွားချိန်မှာ ကွင်းလယ်လူ ပေါ့ဂ်ဘာက ဒူဘိုင်းမှာ လေ့ကျင့်နေပုံတွေကို ဗီဒီယို တင်ခဲ့ပါတယ်။ ပြင်သစ်သားဟာ ဘောက်ဆင်းဒေးပွဲစဉ် အပြီးမှာကတည်းက ခြေကျင်းဝတ် ဒဏ်ရာကြောင့် အနားယူနေရခဲ့တာဖြစ်ပြီး နွေရာသီမှာ ရောင်းထုတ်ခံရမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါပေမဲ့ ပေါ့ဂ်ဘာဟာ ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ ဒူဘိုင်းမှာ လေ့ကျင့်ခန်းတွေ ပြုလုပ်နေပြီး Gymထဲမှာ လေ့ကျင့်ခန်း မျိုးစုံ ပြုလုပ်နေတာကို အင်စတာဂရန်မှာ ဗီဒီယို တင်ခဲ့ပါတယ်။ အဆိုပါ လေ့ကျင့်ခန်းတွေ ပြုလုပ်နေစဉ်မှာ ပေါ့ဂ်ဘာ ပျော်ရွှင်နေပုံရပြီး ကတောင် ကနေခဲ့ပါတယ်။

အခြား အသင်းဖော်တွေကတော့ စပိန်မှာ လေ့ကျင့်ခန်းတွေပြုလုပ်ဖို့အတွက် ထွက်ခွာသွားခဲ့ပြီ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ လေ့ကျင့်ခန်း အစီအစဉ်တွေကို မာဘယ်လာမှာ ပြုလုပ်ဖို့ စီစဉ်ထားခဲ့ပါတယ်။

ဒါပေမဲ့ တိုက်စစ်မှူးသစ် အစ်ဟာလိုကတော့ ကိုရိုနာ ဗိုင်းရပ်စ်အပေါ် စိုးရိမ်မှုတွေကြောင့် လိုက်ပါသွားခြင်း မရှိခဲ့ပါဘူး။ လက်ရှိအချိန်မှာ အင်္ဂလန် လူဝင်မှု ကြီးကြတ်ရေးက တင်းကျပ်တဲ့ စစ်ဆေးမှုတွေ ပြုလုပ်နေတာကြောင့် နိုင်ဂျီးရီးယားသားတစ်ယောက် အင်္ဂလန် ပြန်ဝင်မရမှာကို ယူနိုက်တက်က စိုးရိမ်နေခဲ့ပါတယ်။