အသင်းရဲ့ အလိုအပ်ဆုံးနေရာကို ခေါ်ယူနိုင်ဖို့ နီးစပ်နေပြီဖြစ်တဲ့ ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ အသင်းမှာ အလိုအပ်ဆုံးနေရာဖြစ်တဲ့ အားကစားဒါရိုက်တာ ရာထူးကို ခန့်အပ်ဖို့ လိုင်လီအသင်းက လူးဝစ် ကမ်းပို့စ်ကို ခေါ်ယူဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ယူနိုက်တက် အမှုဆောင် ဝုဒ်ဝါ့ဟာ အဆိုပါရာထူးအတွက် မှန်ကန်တဲ့သူကို ရှာဖွေနေတာ ၁၈လကြာခဲ့ပြီ ဖြစ်ပါတယ်။

The Sunရဲ့ ဖော်ပြချက်အရ ပေါ်တူဂီသား ကမ်ပို့စ်ဟာ ယူနိုက်တက်ကို ပြောင်းရွှေ့ဖို့ အနီးစပ်ဆုံး အနေအထားမှာ ရှိနေတယ်လို့ သိရပါတယ်။ မော်ရင်ဟိုလက်ထက်က ကမ်ပို့စ်ကို ခေါ်ယူဖို့ နီးစပ်ခဲ့ပေမဲ့ ပေါ်တူဂီသားတွေ အသင်းမှာ ကြီးစိုးလာမှာကို စိုးရိမ်ခဲ့တာကြောင့် ဝုဒ်ဝါ့က ငြင်းပယ်ခဲ့ပါတယ်။

ဒါပေမဲ့ ယခုအချိန်မှာတော့ မိုနာကိုနဲ့ လက်ရှိ လိုင်လီတို့မှာ စွမ်းဆောင်ရည်ကောင်းတွေ ပြသထားတဲ့ ကမ်ပို့စ်ကို ပစ်မှတ်အဖြစ် ပြန်လည် သတ်မှတ်ထားခဲ့ပါတယ်။ ကမ်ပို့စ်ဟာ မိုနာကိုမှာ ကိုင်ဘီ ဘက်ပီ၊ ဖာဘင်ဟို၊ ဘာနန်ဒို ဆေးလ်ဗားတို့ကို ရှာဖွေပေးခဲ့သူ တစ်ဦး ဖြစ်ပါတယ်။

အလားတူ အာဆင်နယ်ကို ပေါင် ၇၂သန်းနဲ့ ပြောင်းရွှေ့သွားတဲ့ ပီပီကိုလည်း လိုင်လီမှာ ခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဝုဒ်ဝါ့က အသင်းမှာ အရည်အချင်းရှိ လူငယ်တွေ ဝယ်ယူထားနိုင်ဖို့အတွက် ပေါ်တူဂီသားကို ပြန်လည် ကြိုးပမ်းလာတာ ဖြစ်ပါတယ်။

ဝုဒ်ဝါ့ဟာ ယခင်က အသင်းရဲ့ အပြောင်းအရွှေ့ကို တာဝန်ယူခဲ့ပြီး ဒီမာရီယာ၊ ဖယ်ကာအို၊ စတိုင်ဂါတို့ကို ခေါ်ယူရာမှာ ငွေကြေးဆုံးရှုံးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ပရိသတ်တွေကလည်း အားကစားဒါရိုက်တာ ခန့်အပ်ပေးဖို့ တောင်းဆိုနေတာ အချိန်ကြာခဲ့ပြီ ဖြစ်ပါတယ်။