အသင်းကနေ ထုတ်ခံရမှာကို ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ဒဲ့ပြောလိုက်တဲ့ ဆိုးလ်ရှား

ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက သူ့ရဲ့ အသင်းနဲ့အနာဂတ်အတွက် ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ထရန်မဲနဲ့ FAဖလားပွဲ မတိုင်ခင်မှာ ပြောခဲ့ပါတယ်။ လိဂ်ဝမ်းကလပ် ထရန်မဲအသင်းဟာ ဝက်ဖို့ဒ်ကို အနိုင်ယူကာ ဒီအဆင့်ကို တက်ရောက်လာခဲ့တာဖြစ်ပြီး အသင်းကြီး ယူနိုက်တက်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ယခုနှစ်ရာသီမှာ ခြေစွမ်းတည်ငြိမ်မှုရဖို့ ရုန်းကန်နေရပြီး တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်လည်း ဒဏ်ရာရနေတာကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အပြောင်းအရွှေ့ရဲ့ နောက်ဆုံး ရက်သတ္တပတ်ကို ရောက်လာပေမဲ့ ဆိုးလ်ရှားကတော့ ဖိအားတွေကို မခံစားရပဲ အလျင်အမြန် ခေါ်ယူမှုတွေကို ပြုလုပ်မှာ မဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။

ဆိုးလ်ရှားက “ကစားသမား အများစုက ပုံးအောင်ချင်နေပြီး ပျောက်ကွယ်ချင်နေတယ်လို့ မမြင်မိပါဘူး။ ကစားသမား အများအပြားက အသင်းကို အောင်မြင်စေချင်ကြပါတယ်။ ကျွန်တော်တို့ နောက်ကွယ်မှာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးမှုတွေ ရှိနေပေမဲ့ သူတို့ကို လက်ညိုးထိုးနေမှာ မဟုတ်ပါဘူး။ သူများကို လက်ညိုးထိုးရင် ကိုယ့်ကိုလည်း လက်ညိုးများစွာက ပြန်ထိုးမှာ မို့လို့ပါ”

“ကျွန်တော်တို့ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်ဖို့က အရေးကြီးပါတယ်။ ဖာဂူဆန် ထွက်သွားကတည်းက ၅နှစ် ၆နှစ်အတွင်း ငွေတွေ အများကြီး သုံးခဲ့ပါတယ်။ အခုအချိန်မှာတော့ မှန်ကန်တဲ့ ခေါ်ယူမှုတွေအတွက်ပဲ ငွေသုံးသွားမှာပါ။ အသင်းက ပြောင်းလဲဖို့ လိုအပ်နေတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သဘောတူထားပါတယ်”

“ကျွန်တော် ကိုယ့်ရဲ့ ရာထူးအတွက် ကြောက်ရွံ့နေမှာ မဟုတ်ပဲ အလုပ်ပဲ ဆက်လုပ်သွားဦးမှာပါ။ ရလဒ်ကောင်းဖို့ လိုတာ မှန်ပေမဲ့ အသင်းအတွက် မမှန်ကန်တဲ့ ကစားသမားတစ်ယောက်ကို ငွေတွေ ပုံပေးမှာ မဟုတ်ပါဘူး”လို့ ပြောခဲ့ပါတယ်။

ယူနိုက်တက်ဟာ လူကာကူ၊ ဆန်းချက်ဇ်၊ စမောလင်း၊ အက်ရှ်လေယန်းတို့ကို အသင်းက ထွက်ခွာခွင့််ပြုခဲ့ပေမဲ့ ဆိုးလ်ရှားကတော့ အဆိုပါ ထွက်ခွာမှုတွေအတွက် နောင်တရမနေဘူးလို့ ပြောခဲ့ပါတယ်။