
ဘဏ္ဍာရေးစည်းမျဉ်းချိုးဖောက်မှုကြောင့် ၁၀ မှတ်လျှော့ခံထားရတဲ့
အဲဗာတန်အသင်းဟာ နောက်ထပ် ၉ မှတ်လျှော့ချခံရမဲ့ အခြေအနေဆိုးနဲ့
ရင်ဆိုင်နေရတဲ့အတွက် တန်းဆင်းရဖို့ ရာခိုင်နှုန်းပိုများနေပါပြီ။
ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည်ကလပ်ဖြစ်တဲ့ အဲဗာတန်အသင်းဟာ
ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ပေါင် ၁၂၄.၅ သန်းအထိ အရှုံးပေါ်ခဲ့ပြီး
ဒါက ပရီးမီးယားလိဂ်အဖွဲ့ချုပ်က သတ်မှတ်ထားတဲ့ အမြင့်ဆုံး
ပေါင် ၁၀၅ သန်းအရှုံးငွေ ပမာဏထက် ပိုများခဲ့သလို အသင်းရရှိတဲ့
ဝင်ငွေထက် ပေါင် ၁၉.၅ သန်းအထိ ပိုသုံးစွဲခဲ့ပါတယ်။ ပရီးမီးယားလိဂ်
အဖွဲ့ချုပ်ဟာ ကလပ်အသင်းတွေအနေနဲ့ သူတို့ရဲ့ ဝင်ငွေထက်
ငွေကြေးပိုသုံးတာကို တင်းတင်းကြပ်ကြပ် ကန့်သတ်ထားပြီး
ကွင်းသစ်တည်ဆောက်ရေးအပါအဝင် တချို့သော စီမံကိန်းအတွက်သာ
ခွင့်ပြုထားတာဖြစ်ပါတယ်။ ဒီလို စည်းမျဉ်းစည်းကမ်းတွေကို
ချိုးဖောက်ခဲ့လို့ အဲဗာတန်အသင်းကို ပရီးမီးယားလိဂ်အဖွဲ့ချုပ်က
၁၀ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်သလို အဲဗာတန်အသင်းဟာ
FFP စည်းမျဉ်းချိုးဖောက်မှုကြောင့် အမှတ်လျှော့ခံရတဲ့ ပထမဆုံး
ပရီးမီးယားလိဂ်ကလပ်ဖြစ်လာပါတယ်။ အခုပြစ်ဒဏ်အရ
အဲဗာတန်အသင်းဟာ ရမှတ် ၄ မှတ်နဲ့ တန်းဆင်းဇုန် အဆင့် ၁၉
နေရာရောက်သွားပြီး တန်းမဆင်းရအောင် ခက်ခက်ခဲခဲရုန်းကန်
ရတော့မှာပါ။ ဒါ့အပြင် အခုအချိန်မှာ ဘန်လေ၊ လိဒ်စ်၊ လက်စတာ
အသင်းတို့ကလည်း အဲဗာတန်အသင်းဆီကနေ လျော်ကြေး
ပေါင်သန်း ၃၀၀ ရဖို့ တရားရင်ဆိုင်သွားမဲ့အနေအထားရှိတာကြောင့်
အဲဗာတန်တို့ ‘မြွေပူရာ ကင်းမှောင့်’ဆိုသလို ဖြစ်နေပါပြီ။
ဒီကလပ် ၃ သင်းဟာ ပြီးခဲ့တဲ့ရာသီတွေအတွင်း ပရီးမီးယားလိဂ်ကနေ
တန်းဆင်းခဲ့ရပြီး အဲဗာတန်အသင်းရဲ့ မသမာတဲ့ ငွေကြေးသုံးစွဲမှုတွေကြောင့်
သူတို့ တန်းဆင်းခဲ့ရတဲ့အတွက် နစ်နာကြေးအဖြစ် တစ်သင်းကို
ပေါင်သန်း ၁၀၀ စီ တောင်းဆိုသွားဖို့ ပြင်ဆင်နေတာပါ။
ဒီရာသီမှာ ပရီးမီးယားလိဂ်ကို တန်းတက်ခဲ့တဲ့ ဘန်လေအသင်းဟာ
၂၀၂၁-၂၂ ရာသီတုန်းက အဲဗာတန်နဲ့ ၄ မှတ်အကွာနဲ့ တန်းဆင်းခဲ့ရပြီး
လိဒ်စ်၊ လက်စတာအသင်းတို့က ပြီးခဲ့တဲ့ရာသီမှာ တန်းဆင်းခဲ့ရတာဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ သတ်မှတ်ထားတဲ့ ဝင်ငွေပမာဏကို
ကျော်ပြီးတော့ ကစားသမားတွေကို ခေါ်ယူအားဖြည့်ခဲ့တဲ့အတွက်
သူတို့ ၃ သင်း တန်းဆင်းခဲ့ရတာလို့ ယူဆတာကြောင့် ဘန်လေ၊
လိဒ်စ်၊ လက်စတာတို့က နစ်နာကြေးရအောင် တရားရင်ဆိုင်သွားဖို့
စီစဉ်နေပါတယ်။ ဘန်လေ၊ လိဒ်စ်နဲ့ လက်စတာတို့ဟာ လာမဲ့
၂၈ ရက်အတွင်း သူတို့ရဲ့တောင်းဆိုမှုကို တရားဝင်တင်သွားရမှာဖြစ်ပြီး
ပရီးမီးယားလိဂ်အဖွဲ့ချုပ်က အခုရာသီကုန်မတိုင်ခင် စစ်ဆေးကြားနာဖို့ရှိပါတယ်။
တကယ်လို့ ပရီးမီးယားလိဂ်အဖွဲ့ချုပ်သာ ဘန်လေ၊ လိဒ်စ်၊ လက်စတာတို့ကို
နစ်နာကြေးပေးရမယ်ဆိုပြီး ဆုံးဖြတ်မယ်ဆိုရင်တော့ အဲဗာတန်အသင်းဟာ
စီမံအုပ်ချုပ်ရေး(administration)ခံယူရမှာဖြစ်သလို ၂၀၀၄ ကတည်းက
ချမှတ်ထားတဲ့ စည်းမျဉ်းတွေအရ အလိုလျောက် ၉ မှတ်လျှော့ပြစ်ဒဏ်ချမှတ်ခံရမှာလည်းဖြစ်ပါတယ်။