အပြောင်းအရွှေ့မပိတ်ခင်မှာ ကစားသမား ၁ ယောက် ၂ ယောက်လောက် ခေါ်ယူနိုင်ဖို့ မျှော်လင့်နေတဲ့ ဆိုးလ်ရှား

photo internet

ယူနိုက်တက်အသင်းနည်းပြ ဆိုးလ်ရှားကတော့ အဓိကကစားသမားတော်တော်များများ ဒဏ်ရာရရှိနေတာကြောင့် အခုအပြောင်းအရွှေ့မပိတ်ခင်မှာ ကစားသမား ၁ ယောက် ၂ ယောက်လောက်ခေါ်ယူနိုင်မယ်လို့ မျှော်လင့်နေပါတယ်။ အသက် ၄၆ နှစ်သားဟာ လီဗာပူး ၊ ဘန်လေတို့ကို အရေးနိမ့်ခဲ့တဲ့ပွဲအပြီးမှာလည်း ကစားသမားသစ်လိုအပ်နေတယ်လို့ ဝန်ခံပြောကြားခဲ့ပါတယ်။


ယူနိုက်တက်ဟာ လက်ရှိအမှတ်ပေးဇယားရဲ့အဆင့် ၅ နေရမှာ ရပ်တည်နေပြီး အဆင့် ၄ နေရာက ချဲလ်ဆီးနဲ့ ရမှတ် ၆ မှတ်ကွာဟနေပြီး ချန်ပီယံလိဂ်ဝင်ခွင့် မျှော်လင့်ချက် ရှိနေတာ ဖြစ်ပါတယ်။ ယူနိုက်တက်ဟာ တနင်္ဂနွေနေ့မှာ ထရမ်မဲလ်အသင်းနဲ့ အက်ဖ်အေဖလား ၊ အဲ့နောက် စီးတီး နဲ့ ကာရာဘောင်ဖလား ဆီမီးဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်ကို ဆက်လက်ဆင်နွှဲရမှာ ဖြစ်ပါတယ်။


နည်းပြ ဆိုးလ်ရှားကိုယ်တိုင်ကလည်း ပြီးခဲ့တဲ့ရက်သတ္တပတ်တွေထဲက တိုက်စစ်ပိုင်းလိုအပ်ချက် ရှိနေတယ်လို့ ဝန်ခံပြောကြားခဲ့သေးပါတယ်။ ယူနိုက်တက်ကစားသမားဟောင်း နဗီးလ်ကလည်း အသင်းအနေနဲ့ ကစားသမား ဖြည့်တင်းမှုမပြုလုပ်ဘူးဆိုရင် ချန်ပီယံလိဂ်ဝင်ခွင့်အတွက် စိုးရိမ်ရတယ်လို့ ပြောကြားလိုက်ပါတယ်။


ထရမ်မဲလ်အသင်းနဲ့ အက်ဖ်အေဖလားပွဲမတိုင်ခင် သတင်းစာရှင်းပွဲမှာ သတင်းထောက်တွေက အပြောင်းအရွှေ့အကြောင်း မေးမြန်းရာမှာ ဆိုးလ်ရှားက “ကျွန်တော်တို့ ဈေးကွက်ထဲမှာ ရှာဖွေနေပါတယ်။ အပြောင်းအရွှေ့မပိတ်ခင် ၁ ယောက် ၂ ယောက်လောက်တော့ ခေါ်ယူနိုင်မယ်လို့ ထင်ပါတယ်”လို့ ဆိုခဲ့ပါတယ်။ ယူနိုက်တက်ဟာ အခုအပြောင်းအရွှေ့မှာ စပို့တင်းကွင်းလယ်လူ ဖာနန်ဒက်စ်ကိုခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမယ့် ပြောင်းရွှေ့ကြေးကြောင့် ပျက်ပြယ်ခဲ့ရတာ ဖြစ်ပါတယ်။

ယူနိုက်တက်ဟာ ဘာဂင်ဟမ်အသင်း ဆယ်ကျော်သက်ကစားသမား ဘီလင်ဟမ်ကို ပေါင် ၃၀ သန်းနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေပြီး ချန်ပီယံရှစ်ကလပ်ကတော့ ကစားသမားကို ရာသီကုန်အထိ ထိန်းသိမ်းဖို့ ပြင်ဆင်နေပါတယ်။ နည်းပြ ဆိုးလ်ရှားအတွက်တော့ အဓိကကစားသမားတော်တော်များများ ဒဏ်ရာရရှိနေတာကြောင့် လူစာရင်းအပြောင်းအလဲလုပ်ဖို့အတွက် အခက်တွေ့နေတာ ဖြစ်ပါတယ်။