အစ်ဂါလိုသာ ခြေစွမ်း မပြနိုင်ဘူးဆိုရင် ဆိုးလ်ရှား အထုတ်ပယ်ခံရနိုင်ကြောင်း သတိပေးခံရ


အာဆင်နယ် ဂန္တဝင် ပေါလ်မာဆင်က ဇန်နဝါရီ အပြောင်းအရွှေ့ကာလက အငှားနဲ့ ခေါ်ယူထားတဲ့ တိုက်စစ်မှူး အစ်ဟာလိုသာ ခြေစွမ်းမပြနိုင်ဘူးဆိုရင် ဆိုးလ်ရှား ထုတ်ပယ်ခံရနိုင်တယ်လို့ သတိပေး ပြောကြားခဲ့ပါတယ်။ မာဆင်က ယခုနှစ်ရာသီမှာ ရလဒ်ဆိုးနေသလို အပြောင်းအရွှေ့သာ မအောင်မြင်ခဲ့ဘူးဆိုရင် အမှုဆောင် ဝုဒ်ဝါ့ရော ဆိုးလ်ရှားပါ ထုတ်ပယ်ခံရနိုင်တယ်လို့ သုံးသပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ နွေရာသီက တိုက်စစ်မှာ ဆန်းချက်ဇ်နဲ့ လူကာကူတို့ အသင်းပြောင်းသွားသလို အဓိက ပစ်မှတ် ဟာလန်းဟာလည်း ဒေါ့မွန် ရောက်သွားတာကြောင့် တိုက်စစ်မှူးနေရာ ရွေးချယ်စရာအတွက် ယူနိုကတ်တို့ အခက်တွေ့ခဲ့ပါတယ်။ အပြောင်းအရွှေ့ ပိတ်ခါနီးမှာ ဂျိုရှုအာကင်းကို ခေါ်ယူဖို့ ချိတ်ဆက်ခဲ့ပေမဲ့ ဘုန်းမောက်ရဲ့ ပြောင်းရွှေ့ကြေး မြင့်မားစွာ တောင်းဆိုမှုကြောင့် နိုင်ဂျီးရီးယား တိုက်စစ်မှူး အစ်ဟာလိုကိုသာ အငှားနဲ့ ခေါ်ယူခဲ့ရပါတယ်။

အစ်ဟာလိုဟာ ဝက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ၅၅ပွဲမှာ ၁၆ဂိုး သွင်းထားပေမဲ့ မာဆင်ကတော့ အိုးထရက်ဖို့ဒ်မှာ ခြေစွမ်းမပြနိုင်မှာကို စိုးရိမ်နေခဲ့ပါတယ်။

Photo- Internet

Daily Starမှာ ရေးသားခဲ့ရာမှာ မာဆင်က “အစ်ဟာလိုကို ခေါ်ယူမှုက ယူနိုက်တက်အတွက် နောက်ဆုံး ခံတပ် ဖြစ်လာနိုင်ပါတယ်။ တကယ်လို့ ဒီအပြောင်းအရွှေ့သာ လွဲချော်ခဲ့ရင်တော့ ဝုဒ်ဝါ့နဲ့ ဆိုးလ်ရှားတို့ အကြီးအကျယ် ဒုက္ခရောက်ပါပြီ။ ကျွန်တော့်ကို အထင်တော့ မလွဲပါနဲ့။ သူ ဝက်ဖို့ဒ်တုန်းကလို ခြေစွမ်းမျိုး ပြန်ရနိုင်ပြီ အောင်မြင်နိုင်ပါတယ်။ ဒါပေမဲ့ သူ ပရီးမီးယားလိဂ်မှာ ရယ်စရာအကောင်းဆုံး အပြောင်းအရွှေ့လည်း ဖြစ်သွားနိုင်ပါတယ်။ အချိန်ကသာ စကားပြောသွားမှာပါ။ ဒါပေမဲ့ မှတ်မိကြသေးလား။ သူ ၁၈ပွဲ ကစားပြီး ၁ဂိုးပဲ သွင်းနိုင်လို့ ဝက်ဖို့ဒ်က ရောင်းထုတ်ခဲ့ပြီး တရုတ်မှာ ပျင်းပျင်းရိရိနဲ့ ကစားနေခဲ့ပါတယ်”လို့ ပြောခဲ့ပါတယ်။

မာဆင်က အစ်ဟာလိုကို ၂၀၀၇ခုနှစ်က ယူနိုက်တက်မှာ အငှားလာကစားခဲ့တဲ့ ၃၅နှစ်အရွယ် လာဆင်နဲ့ နှိုင်းယှဉ်ပြခဲ့ပါတယ်။ ဒါပေမဲ့ လာဆင်ကတော့ ကြီးမားတဲ့ အတွေ့အကြုံတွေနဲ့ အိုးထရက်ဖို့ဒ်ကို လာတာဖြစ်ပြီး အစ်ဟာလိုကတော့ ဆွီဒင်သားလောက် အသင်းကို အကျိူးပြုမှာ မဟုတ်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။