ဟယ်ထရစ်ရခါနီး အနေအထားမှာ ဘာလို့ လူစားလဲခံခဲ့ရတယ်ဆိုတာ ပြောပြလိုက်တဲ့ ရက်ရှ်ဖို့ဒ်

ယူနိုက်တက်တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကတော့ နောဝစ်ချ်အသင်းကို ၄ ဂိုးပြတ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခဲ့ရတာဟာ ကြိုတင်ကာကွယ်တဲ့အနေနဲ့ ဖြစ်တယ်လို့ ယူနိုက်တက်ပရိသတ်တွေ စိတ်သက်သာရာရအောင် ပြောကြားလိုက်ပါတယ်။ အင်္ဂလန်သားဟာ နောဝစ်ချ်အသင်းနဲ့ ယူနိုက်တက်အတွက် ပွဲ ၂၀၀ ပြည့်ပွဲစဉ်မှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ဒုတိယပိုင်းမှာ မာရှယ် ၊ ဂရင်းဝုဒ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရရှိခဲ့ပါတယ်။


တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ပွဲကစားချိန် ၂၇ မိနစ်မှာ ၁ဂိုး ၊ ပထမပိုင်းအပြီးမှာ ဒုတိယဂိုးထပ်မံသွင်းယူနိုင်ခဲ့ကာ ပွဲ ၂၀၀ ပြည့်မြောက်တဲ့ တတိယမြောက် လူငယ်ကစားသမား ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ ရက်ရှ်ဖို့ဒ် ဒုတိယပိုင်းမှာ ဟက်ထရစ်မရရှိခဲ့ပဲ အသင်းဖော် ဒန်နီရယ်ဂျိမ်းစ်ရဲ့ လူစားလဲခံခဲ့ရပါတယ်။


ယူနိုက်တက်ပရိသတ်တွေကတော့ အဆိုပါလူစားလဲမှုဟာ ဒဏ်ရာအခြေအနေကြောင့် ဖြစ်မှာကို စိုးရိမ်နေပေမယ့် အသက် ၂၂ နှစ်သားက လာမယ့် ကြားရက်မှာ ကစားမယ့် ဝုဗ်နဲ့ အက်ဖ်အေဖလားပွဲအတွက် အဆင်သင့်ဖြစ်နေတယ်လို့ ဆိုပါတယ်။ “ယူနိုက်တက်အတွက် ပွဲ ၂၀၀ ပြည့်တဲ့ တတိယမြောက်ကစားသမား ဖြစ်လာခဲ့အတွက် ဂုဏ်ယူမိပါတယ်”လို့ ပွဲအပြီးမှာ တွစ်တာကနေတစ်ဆင့် ပြောကြားလိုက်ပါတယ်။


“အသင်းရဲ့ဂန္တဝင်တွေဖြစ်တဲ့ ဂစ်နဲ့ ဂျော့ချ် ဘတ်စ်တို့ကို လိုက်မှီခဲ့တဲ့အတွက် အရမ်းကျေနပ်မိပါတယ်။ ဟက်ထရစ်ရဖို့ နီးစပ်ခဲ့ပေမယ့် လွဲချော်ခဲ့ပါတယ်။ လာမယ့် ဝုဗ်နဲ့ပွဲအတွက် အဆင်သင့်ပါပဲ”လို့ ရက်ရှ်ဖို့ဒ်က ပြောပါတယ်။ အင်္ဂလန်သားဟာ ဒီရာသီပြိုင်ပွဲစုံ ၁၉ ဂိုးအထိ သွင်းယူနိုင်ခဲ့တပြီး သူ့ကို ကူညီခဲ့တဲ့သူတွေကိုလည်း ကျေးဇူးတင်တယ်လို့ ဆိုလိုက်ပါတယ်။


ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကလည်း ရက်ရှ်ဖို့ဒ်“ဟာ ဒဏ်ရာအခြေအနေအနည်းငယ်လေး ရှိနေတယ်ခဲ့တယ်လို့ အတည်ပြုခဲ့သလို အင်္ဂလန်သားရဲ့ခြေစွမ်းကိုလည်း ချီးကျူးခဲ့ပါတယ်။ “သူ့အသက်အရွယ်နဲ့ ပွဲ ၂၀၀ ပြည့်ခဲ့တယ်ဆိုတာ တော်တော်လေး ကောင်းတဲ့စံချိန်ပါ။ သူဒီရာသီဘယ်လောက်အထိ သွင်းယူနိုင်မလဲဆိုတာ မသိပါဘူး။ ဒါပေမဲ့ ဒီရာသီ ၁၉ ဂိုးတော့ ရှိနေပါပြီ”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။


“တကယ်တော်တဲ့ကောင်လေးပါ။ သူဟာ အမြဲတမ်းသင်ယူဖို့ အလိုရှိနေသူပါ။ ဒီနေ့မှာတော့ သူမဆိုသလောက် ဒဏ်ရာရရှိနေခဲ့ပါတယ်။ ဒါပေမဲ့ ပွဲမတိုင်ခင်တော့ သူမကစားချင်တဲ့အကြောင်း ကျွန်တော့်ကို မပြောပါဘူး။ ထိပ်တန်းတိုက်စစ်မှူး ဖြစ်လာနိုင်တဲ့ အရည်အချင်းသူ့မှာ အပြည့်ရှိပါတယ်”လို့ ဆိုးလ်ရှားက ပြောကြားခဲ့ပါတယ်။