သူ့ကို လုပ်ခလစာ ၁၀ သန်းမပေးလို့ဆိုပြီး မန်စီးတီးကို တရားစွဲလိုက်တဲ့ မန်ဒီ

နောက်ခံလူဘင်ဂျမင်မန်ဒီဟာ သူ အမှုရင်ဆိုင်နေစဉ်အတွင်း

လစာမပေးခဲ့တဲ့ အသင်းဟောင်းမန်စီးတီးကို တရားစွဲဆိုလိုက်ပါတယ်။

၂၉ နှစ်အရွယ် မန်စီးတီးကြယ်ပွင့်ဟောင်းဟာ ပြီးခဲ့တဲ့နှစ် နွေရာသီက

မုဒိမ်းမှုတွေနဲ့ တရားရင်ဆိုင်ခဲ့ရပေမယ့် အမှုကနေ ကွင်းလုံးကျွတ်လွတ်ခဲ့တာပါ။

မန်ဒီဟာ မန်စီးတီးမှာ တစ်ပတ်ပေါင် ၁၀၀၀၀၀ လစာရခဲ့ပေမယ့်

၂၀၂၁ စက်တင်ဘာကတည်းက လစာရခြင်း မရှိတော့ပါဘူး။

မန်စီးတီးနဲ့သူ့ရဲ့စာချုပ်သက်တမ်းက ၂၀၂၃ ဇွန်လမှ ကုန်ဆုံးခဲ့တာပါ။

အခုတော့ မန်ဒီက သူ့ကိုမပေးတဲ့လုပ်ခလစာတွေ ပြန်ရရေးအတွက် မန်စီးတီးကို တရားစွဲမှုလုပ်ခဲ့ပါတယ်။

အဲဒီအကြောင်းနဲ့ပတ်သက်လို့ အင်္ဂလိပ်သတင်းဌာနတွေက

မန်စီးတီးကို ဆက်သွယ်မေးမြန်းခဲ့ကြပေမယ့် တုံ့ပြန်ဖြေကြားခြင်း မရှိခဲ့ပါဘူး။

မန်ဒီဟာ ၂၀၁၇ မှာ မိုနာကိုကနေ ပေါင် ၅၂ သန်းနဲ့ရောက်လာခဲ့ပြီး

အဲဒီအချိန်တုန်းက ပရီးမီးယားလိဂ်ရဲ့ဈေးအကြီးဆုံးနောက်ခံလူဖြစ်လာခဲ့တာပါ။

သူဟာ မန်စီးတီးနဲ့အတူ ဖလား ၃ လုံးရခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားအောင်ပွဲရပြင်သစ်အသင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

မန်စီးတီးအတွက် မန်ဒီနောက်ဆုံးကစားပေးခဲ့တာက ၂၀၂၁ သြဂုတ်မှာပါ။

လက်ရှိမှာတော့ ၂၉ နှစ်အရွယ် ပြင်သစ်သားဟာ လီဂူးကလပ် လိုရီယန့်မှာ ကစားနေပါတယ်။