
ဆီရီယာလွန်းနဲ့ကစားခဲ့တဲ့ တနင်္ဂနွေည ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ
မိုဆာလာဟာ သူ့ကိုပစ်မှတ်ထားတဲ့ ကွင်းထဲကျူးကျော်သူတွေကြောင့် စစ်တပ်လုံခြုံရေးနဲ့ ကွင်းပြင်ထွက်ခဲ့ရပါတယ်။
အဲဒီပွဲမှာ အီဂျစ်အသင်းဟာ ဗီလာတိုက်စစ်မှုးဟောင်းထရက်ဇီဂေးရဲ့သွင်းဂိုး ၂ ဂိုးနဲ့အနိုင်ရခဲ့တာပါ။
လီဗာပူးကြယ်ပွင့်ကတော့ ဂိုးသွင်းနိုင်ခြင်းမရှိခဲ့ပေမယ့် ၁ ဂိုးဖန်တီးပေးခဲ့ပါတယ်။
အဝေးကွင်းအဖြစ် အီဂျစ်ကစားခဲ့ရတဲ့ အဲဒီပွဲမှာ ပွဲပြီးခါနီး ၈၈ မိနစ်ရောက်တော့
ပြိုင်ဘက်ပရိသတ်တွေထဲက အချို့ဟာ ကွင်းထဲကို ခုန်ဆင်းလာခဲ့ကြတာပါ။
သူတို့က မိုဆာလာဆီ ဦးတည်လာခဲ့ကြတာဖြစ်လို့ အီဂျစ်အသင်းဖော်တွေက ဝိုင်းဝန်ကာကွယ်ပေးခဲ့ရတယ်။
ကွင်းထဲကျူးကျော်သူတွေကို လိုက်ဖမ်းတဲ့ လုံခြုံရေးတွေကြောင့်လည်း ပွဲမပြီးခင်မှာပဲ ရုတ်ရုတ်သဲသဲဖြစ်သွားတာပါ။
ရုန်းရင်းဆန်ခတ်ဖြစ်သွားပေမယ့် အဲဒီဖြစ်ရပ်မှာ ဘယ်သူမှ ထိခိုက်ဒဏ်ရာတော့ မရသွားခဲ့ပါဘူး။
အဲဒီအခြေအနေကြောင့် မိုဆာလာဟာ ပွဲပြီးတော့ စစ်တပ်လုံခြုံရေးနဲ့ ကွင်းထဲက ထွက်ခဲ့ရတာပါ။
ဒါတောင် မိုဆာလာနဲ့ ဆယ်ဖီဆွဲဖို့ ကြိုးစားသူတောင် ရှိသေးပြီး စစ်သားတွေကြောင့် အနားကပ်ခွင့်မရခဲ့ပါဘူး။
အာဖရိကရဲ့စူပါစတားတစ်ယောက်ဖြစ်တဲ့ မိုဆာလာဟာ ဒီရာသီ ကလပ်နဲ့နိုင်ငံအတွက် ပြိုင်ပွဲအရပ်ရပ်မှာ ၁၆ ဂိုးသွင်းထားပါတယ်။