သမိုင်းဝင်စံချိန်မှတ်တမ်းကောင်းတွေ ပိုင်ဆိုင်ပြီး ယူရိုခြေစစ်ပွဲတွေကို နှုတ်ဆက်သွားပြီဖြစ်တဲ့ စီရော်နယ်လ်ဒို . .

ပေါ်တူဂီအသင်းရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒိုဟာ

လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံး ယူရိုခြေစစ်ပွဲအဖြစ်

သတ်မှတ်ရမဲ့ ယူရို-၂၀၂၄ ခြေစစ်ပွဲ၊ အုပ်စုနောက်ဆုံးပွဲစဉ်ဖြစ်တဲ့

အိုက်စလန်နဲ့ပွဲမှာ ဂိုးမသွင်းနိုင်ပေမဲ့ အနိုင်ရအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ပေါ်တူဂီအသင်းအတွက် အဖွင့်ဂိုးကို ၃၇ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်က

သွင်းယူခဲ့ပြီး ဒုတိယဂိုးကို ၆၆ မိနစ်မှာ စီရော်နယ်လ်ဒို ဖန်တီးပေးတာကနေ

ရီကာဒိုဟော်တာက သွင်းယူခဲ့တာဖြစ်ပါတယ်။ အခုနိုင်ပွဲကြောင့် ပေါ်တူဂီ

အသင်းဟာ ယူရို-၂၀၂၄ ခြေစစ်ပွဲမှာ ၁၀ ပွဲကစား၊ ၁၀ ပွဲနိုင်နဲ့ ယူရိုပြိုင်ပွဲ

ဆင်နွှဲခွင့် လက်မှတ်ပိုင်ဆိုင်ခဲ့ပြီး လက်ရှိ ခြေစစ်ပွဲဝင်အသင်းတွေထဲမှာ

ရာနှုန်းပြည့်နိုင်ပွဲမှတ်တမ်းရယူနိုင်တာဆိုလို့ ပေါ်တူဂီနဲ့ ပြင်သစ်(၇ပွဲ)သာရှိပါတယ်။

ယူရို-၂၀၂၄ ခြေစစ်ပွဲတစ်လျှောက် စီရော်နယ်လ်ဒိုက ၉ ပွဲကစား၊ ဂိုးပေါက်

ကန်သွင်းမှု ၄၇ ကြိမ်၊ သွင်းဂိုး ၁၀ ဂိုး၊ ဂိုးဖန်တီးမှု ၁ ကြိမ်ပြုလုပ်ပြီး

တစ်ပွဲပျမ်းမျှသွင်းဂိုးနှုန်းက ၁.၁၂ ဂိုးအထိရှိခဲ့ပါတယ်။ အသက် ၃၈ နှစ်

အရွယ်ရှိပြီဖြစ်သူ စီရော်နယ်လ်ဒိုအတွက် လာမဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲက

လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးအဓိကပြိုင်ပွဲဖြစ်လာဖို့

သေချာနေတာကြောင့် ယူရိုခြေစစ်ပွဲ နောက်တစ်ကြိမ်ကစားခွင့်ရမှာ မဟုတ်တော့ပါဘူး။

အင်္ဂလန်၊ မြောက်အိုင်ယာလန်၊ အိုင်ယာလန်၊ စကော့တလန်၊ ဝေးလ်စ်တို့က

အိမ်ရှင်အဖြစ်ကျင်းပမဲ့ ယူရို-၂၀၂၈ ပြိုင်ပွဲအတွက် ခြေစစ်ပွဲကစားမဲ့

၂၀၂၇ ခုနှစ်ကျရင် စီရော်နယ်လ်ဒိုရဲ့အသက်က ၄၂ နှစ်အရွယ်အထိ

ရှိနေပြီဖြစ်တာကြောင့် အခု ယူရိုခြေစစ်ပွဲနဲ့ ယူရို-၂၀၂၄ ပြိုင်ပွဲက

စီရော်နယ်လ်ဒိုရဲ့လက်ရွေးစင်ကစားသမားဘ၀ နောက်ဆုံးပွဲဖြစ်လာမှာပါ။

စီရော်နယ်လ်ဒိုဟာ ယူရိုပြိုင်ပွဲတစ်လျှောက် သွင်းဂိုးအများဆုံးကစားသမား (၁၄ဂိုး)၊

ယူရိုပြိုင်ပွဲအကြိမ်အများဆုံးကစားခွင့်ရသူ (၅ကြိမ်)၊ ယူရိုပွဲအများဆုံးကစားခဲ့သူ

(၂၅ပွဲ)စတဲ့ စံချိန်တွေ ပိုင်ဆိုင်ထားသလို ယူရိုခြေစစ်ပွဲတစ်လျှောက်မှာလည်း

ပွဲအများဆုံးကစားသမား (၄၄ပွဲ)၊ သွင်းဂိုးအများဆုံးကစားသမား (၄၁ဂိုး)အဖြစ်

စံချိန်ရေးထိုးနိုင်ခဲ့ပါတယ်။ စီရော်နယ်လ်ဒိုခေတ်မတိုင်ခင်က ပေါ်တူဂီအသင်းဟာ

ယူရိုပြိုင်ပွဲမှာ ၃ ကြိမ်(၁၉၈၄၊ ၁၉၉၆၊ ၂၀၀၀)သာ ပါဝင်ယှဉ်ပြိုင်ခွင့်ရခဲ့ပြီး

အမြင့်ဆုံးအောင်မြင်မှုအဖြစ် ဆီမီးဖိုင်နယ် ၂ ကြိမ်(၁၉၈၄၊ ၂၀၀၀)

တက်ရောက်ခဲ့ပေမဲ့ ပေါ်တူဂီအတွက် စီရော်နယ်လ်ဒို စတင်ရွေးချယ်

ခံရပြီးနောက်ပိုင်း ၆ ကြိမ်ဆက်တိုက် (၂၀၀၄ ကနေ ၂၀၂၄)ဆက်တိုက်

ခြေစစ်ပွဲအောင်မြင်ခဲ့သလို အကြီးမားဆုံးအောင်မြင်မှုအဖြစ်

ယူရို-၂၀၁၆ ပြိုင်ပွဲမှာ အသင်းသမိုင်းတစ်လျှောက် ပထမဆုံး

ယူရိုချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လာမဲ့အနာဂတ်ကျရင်

ယူရိုခြေစစ်ပွဲနဲ့ အဓိကနိုင်ငံတကာပြိုင်ပွဲကြီးတွေမှာ စီရော်နယ်လ်ဒိုကို

မြင်တွေ့ရဖို့ မရှိတော့ပေမဲ့ သူ တင်ရှိခဲ့တဲ့စံချိန်မှတ်တမ်းတွေကို နောက်လူတွေ ချိုးဖျက်နိုင်ဖို့က ခက်ခဲနေဦးမှာ အသေအချာပါပဲ . .