လီဗာပူးနဲ့ပွဲစဉ်မှာ မိမိတို့အသင်း ပွဲကို အကောင်းဆုံး ထိန်းချုပ်ကစားနိုင်ခဲ့တယ်လို့ မာတစ်ဆို


ယမန်နေ့က အန်ဖီးလ်တွင် လီဗာပူးအသင်းကို ၂ -၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်လူ နီမန်ဂျာမာတစ်က မိမိတို့အသင်းက ပွဲကို လုံးဝထိန်းချုပ်နိုင်ခဲ့တယ် လို့ ပြောဆိုလိုက်ပါတယ်။
ယူနိုက်တက်အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ ကလေ့ာပ်ရဲ့ အသင်းကို ပထမ အကျော့တွေ့ဆုံခဲ့စဉ်က အမှတ်ခွဲယူထားနိုင်ခဲ့တဲ့ တစ်သင်းတည်းသော အသင်းဖြစ်ပါတယ်။ လီဗာပူး အသင်းဟာ ဒီရာသီမှာ ပထမအကျော့ ယူနိုက်တက်အသင်းနဲ့ပွဲစဉ်မှာသာ ရမှတ် ၂ မှတ်ဆုံးရှုံးထားပြီး နှစ်ပေါင်း ၃၀ အကြာမှ ပရီးမီယားလိဂ်ချန်ပီယံဖြစ်မယ့် အရေးနဲ့ အနီးစပ်ဆုံးအနေအထားမှာ ရှိနေပြီ ဖြစ်ပါတယ်။
ယမန်နေ့က ရှုံးပွဲနဲ့ ကြုံတွေ့ခဲ့ရပေမယ့် မာတစ်ကတော့ မိမိတို့အသင်းဟာ အကောင်းဆုံး ရင်ဆိုင် ကစားနိုင်ခဲ့ပြီး ထိပ်သီး ၄ သင်းထဲ ဝင်ရောက်နိုင်ဖို့ အခွင့်အရေးနဲ့ နီးစပ်လာပြီလို့လည်း ယုံကြည်နေပါတယ်။

မာတစ်က “ ကွင်းထဲမှာ ကျွန်တော်တို့ ဂိုးတွေသွင်းနိုင်တယ် ၊ အခွင့်အရေးတွေ ဖန်တီးနိုင်တယ်လို့ ခံစားနေရပါတယ်။ ပထမပိုင်း ၃၅ မိနစ် ၊ ၄၀ လောက်အထိ ကျွန်တော်တို့ ကောင်းမွန်စွာ ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ကစားပုံကောင်းခဲ့ပါတယ်။ ဒါပေမယ့် လီဗာပူးလို ပြိုင်ဖက်အသင်းမျိုးကို သွင်းဂိုးတွေ မသွင်းယူနိုင်ဘူးဆိုရင်တော့ ကျွန်တေ်ာတို့ နိုင်ဖို့ (သို့ ) သရေကျဖို့ ခက်ခဲသွားပါလိမ့်မယ်။ ကွင်းထဲမှာရှိတဲ့ ကျွန်တော်တို့အသင်းရဲ့ ကစားသမားတွေအားလုံး ပွဲကို ထိန်းချုပ်နိုင်ခဲ့တယ်၊ အကောင်းဆုံး ကစားနိုင်ခဲ့တယ်လို့ ထင်ကြပါလိမ့်မယ် ။ ကျွန်တော့်တို့က ထိပ်သီးအသင်းတွေနဲ့ရင်ဆိုင်တဲ့အခါ ခြေစွာတဲ့ အသင်းပဲလေ “ လို့ ပြောပါတယ်။

ဒုတိယပိုင်းမှာ မာရှယ်ရဲ့ လွဲချောမှုနဲ့ ပက်သတ်ပြီး မေးမြန်းရာမှာတော့ “ ဟုတ်ပါတယ်။ သူ အကောင်းမွန်ဆုံး လုပ်ဆောင်ခဲ့တာပါ။ ပါရဲယားနဲ့ ဝမ်းတူးရိုက်ပြီး အကောင်းဆုံးသွင်းဂိုး သွင်းယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ် ။ ပထမပိုင်းမှာလည်း ဒီလိုအခွင့်အရေးမျိုး ရခဲ့ပါသေးတယ်။ ကျွန်တော်ပြောချင်တာကတော့ ဒီလို အခွင့်အရေး တွေကို ပိုင်ပိုင်နိုင်နိုင် အသုံးချနိုင်သင့်ပါတယ်။ ထိပ်သီးအသင်းတွေနဲ့ ပွဲတစ်ပွဲကို ယှဉ်ပြိုင်ရတဲ့အခါ ဒီလိုအခွင့်အရေးမျိုးက ၃၊ ၄ ကြိမ်ပဲ ရနိုင်တာပါ။ ကျွန်တော့တို့ တစ်ကြိမ်လောက်တော့ ဂိုးအဖြစ် ပြောင်းလဲ နိုင်ရမှာပါ။ ကျွန်တေ်ာတို့ ဂိုးမသွင်းနိုင်ရင်တော့ သူတို့က ဂိုးသွင်းသွားမှာပါ “ လို့ မာတစ်က ပြောပြသွားခဲ့ပါတယ်။